မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအရေးပေါ်အခြေအနေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ အိမ်စောင့်အစိုးရတစ်ရပ်က နိုင်ငံကိုစီမံအုပ်ချုပ်ခဲ့သည့်အပေါ် နိုင်ငံရေးအရ အသိအမှတ်ပြုမှု (Political Legitimacy) အရ အငြင်းပွားခဲ့ကြပြီး ကုလသမဂ္ဂရှိ မြန်မာအဖွဲ့ရုံးတွင် အမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး ရာထူးနေရာအတွက် ဆိုင်းငံ့(Deferral)ထားခဲ့သည်။ ထိုသို့ဆိုင်းငံ့ထားခံရစဉ် ကာလအတွင်း NLD အစိုးရက ခန့်အပ်ထားခဲ့သည့် သံအမတ်ကြီးဟောင်း ကျော်မိုးထွန်းက မြန်မာနိုင်ငံအတွက် တရားဝင်ကိုယ်စားပြုခွင့်မရှိဘဲ ကုလသမဂ္ဂထိုင်ခုံနေရာတွင် ဆက်လက်ထိုင်နေကာ မြန်မာနိုင်ငံကို ကိုယ်စားပြုနေသယောင် ဆက်လက်လှုပ်ရှားနေခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ကျော်မိုးထွန်းသည် နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံကို ကိုယ်စားပြုရမည့်အစား နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည်။ နိုင်ငံရေးပါတီတစ်ခုကို သစ္စာခံကာ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသော တရားမဝင်အဖွဲ့အစည်းကို သစ္စာခံ၍ ကိုယ်စားပြုလှုပ်ရှားဆောင်ရွက်ခဲ့သည်။ ယင်းသို့သော လူတစ်ယောက်က သံတမန်အခွင့်အရေးကို အသုံးချကာ မြန်မာအစိုးရကို ဆန့်ကျင်လိုမှု သက်သက်ဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းများကိုသာ ကုလသမဂ္ဂထိုင်ခုံတွင် ဆက်လက်နေရာယူပြုလုပ်နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမှန်တရား ပျောက်ကွယ်နေပြီး လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများကို ကိုယ်စားပြုသည့်အသံ၊ နိုင်ငံကို သစ္စာဖောက်ဖျက် ဆန့်ကျင်နေသူ၊ အကျင့်ပျက်ဝန်ထမ်းတစ်ဦး၏ စကားတို့ကိုသာ ကြားနေကြရပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့မှာ များစွာထိခိုက်နစ်နာနေရသည်။
မကြာမီတွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ ခန့်အပ်နိုင်ရန်အတွက်ခန့်အပ်လွှာ စိစစ်ရေးကော်မတီ (Credentials Committee)က (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း အစည်းအဝေးကျင်းပ၍ ပြန်လည်စိစစ် ဆုံးဖြတ်တော့မည်ဖြစ်သည်ဟု သိရသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများမှာ လွန်ခဲ့သည့် ၅ နှစ် ၂၀၂၁ ခုနှစ် အခြေအနေနှင့် များစွာကွာခြားပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ နိုင်ငံရေးပါတီပေါင်း ၆၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒရှင် ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြသည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ပေး လိုက်သည့် လွှတ်တော်များနှင့် အစိုးရတို့က နိုင်ငံ၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတို့ကို ဒီမိုကရေစီနည်းကျ ဆောင်ရွက်နေပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂရှိ မိမိ၏နေရာတွင် တရားဝင်ပြန်လည်ရောက်ရှိနေရန် လိုအပ်သကဲ့သို့ ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်များကိုလည်းရရှိရေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် မြန်မာနိုင်ငံတော်အစိုးရတို့မှာ လွန်စွာရှင်းလင်း၍ အငြင်းပွားဖွယ် အနေအထားမဟုတ်သည်နှင့်အညီ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့် မြန်မာအစိုးရကို အစစ်အမှန်ကိုယ်စားပြုသည့် မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီး ရှိသင့်နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် မရှိတော့ပြီဖြစ်သော အစိုးရကခန့်အပ်ခဲ့သူ သံအမတ်ကြီးဟောင်း၊ ရာဇဝတ်ပြစ်မှုများကြောင့် သက်ဆိုင်ရာနိုင်ငံက ဖမ်းဝရမ်းထုတ်ခံထားရသူ၊ နိုင်ငံ့ဘဏ္ဍာငွေ အများအပြားကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ထားသူ၊ ကုလသမဂ္ဂထိုင်ခုံတွင် နေရာယူကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးနေသူ၊ မြန်မာနိုင်ငံ၊ မြန်မာပြည်သူအစစ်အမှန်များနှင့် ကင်းကွာနေသူတစ်ဦးကို ကုလသမဂ္ဂတွင် ဆက်လက်ထားရှိခြင်း မပြုရန်မှာလည်း မြန်မာနိုင်ငံရှိ မြန်မာပြည်သူများ၏ ဆန္ဒအမှန်ပင် ဖြစ်သည်။
အဓိကအကျဆုံးအချက်မှာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို အမှန်တကယ်ကိုယ်စားပြုသည့် အမြဲတမ်းကိုယ်စားလှယ်တစ်ဦး ပြန်လည်ထားရှိနိုင်ရေးပင်ဖြစ်ပြီး ထိုသူသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို နိုင်ငံတကာမျက်နှာစာတွင် ဂုဏ်သိက္ခာမြင့်မား ရဲရင့်တည်ကြည်စွာ ဆောင်ကြဉ်းပေးနိုင်သူ နိုင်ငံ့သားကောင်းတမန်တစ်ဦးသာလျှင် ဖြစ်သင့်သည့်အကြောင်း။

No comments:
Post a Comment