Saturday, September 5, 2026

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


ထားဝယ် စက်တင်ဘာ ၅

၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ကဏ္ဍစုံပါဝင်ယှဉ်ပြိုင်နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက မိမိတို့နိုင်ငံသည် ရှေးယခင်ကတည်းက လူမျိုးစုအသီးသီး၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်ရိုးရာဓလေ့များ မတူကွဲပြားသည့် အမျိုးသားရေးစရိုက်လက္ခဏာများဖြင့် နေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် ပြိုင်ပွဲတွင် အနိုင်ရရှိရေးတစ်ခုတည်းကိုသာ ရည်မှန်းချက်မဟုတ်ဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ ရှင်သန်ဖွံ့ဖြိုးရေး၊ လူငယ်မျိုးဆက်သစ်များ ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် အနုပညာရှင်ကောင်းများ ပေါ်ထွက်လာစေရေးတို့ကို ရည်မှန်းချက်ထား ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများ တိုးတက်လာခြင်း၊ နိုင်ငံတကာယဉ်ကျေးမှုများ လွယ်ကူစွာ ထိထွေ့လာခြင်းနှင့် လူငယ်များ၏ စိတ်ဝင်စားစွာ ဆောင်ရွက်လာခြင်းတို့ကြောင့် ရိုးရာယဉ်ကျေးမှုအနုပညာများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးနိုင်ရေး ပိုမိုအလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာဖြစ်သည့်အတွက် မိမိတို့၏ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်းသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် ထားဝယ်၊ ကရင်၊ မွန်၊ ဆလုံလူမျိုးများသည် ထင်းရှားပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းလျက်ရှိကြောင်း၊ ဒါကြောင့် ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုတင်ပြင်ဆင်ခြင်း၊ စနစ်တကျစီမံခြင်းနှင့် တာဝန်ယူမှုအဆင့်ဆင့်တို့ကို အလေးထားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင်ကော်မတီများအနေဖြင့် ခရိုင်/မြို့နယ်အလိုက် ပြိုင်ပွဲဝင်များရွေးချယ်ခြင်း၊ လေ့ကျင့်ပြင်ဆင်ပေးခြင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြိုတင်လေ့ကျင့်စေခြင်း၊ ပြိုင်ပွဲဝင်များ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ဝတ်စုံနှင့်အသုံးအဆောင်များ ပြည်စုံစွာဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို စီစဉ်ပေးခြင်းများကို ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ရှင်သန်နိုင်ရေးအတွက် လူငယ်များပါဝင်မှုသည် အရေးကြီးကြောင်း၊ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များကို အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များအပေါ် စိတ်ဝင်စားမှုရှိလာစေရန် လူငယ်ရေးရာအဖွဲ့အစည်းများနှင့် လူမှုအသိုက်အဝန်များပူးပေါင်းပြီး မျိုးဆက်သစ်များမွေးမြူပြီး လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ အကဲဖြတ်ဒိုင်အဖွဲ့များအနေဖြင့်လည်း ပြိုင်ပွဲဝင်များအား ရွေးချယ်သည့်နေရာတွင် ဘက်လိုက်မှုမရှိဘဲ ရွေးချယ်ပေးရန်လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမျိုးသားရေးအမွေအနှစ်များ မပျောက်ပျက်စေရန်ထိန်းသိမ်းခြင်း၊ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးခြင်းသည် မိမိတို့၏တာဝန်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်း၊ အနုပညာစွမ်းရည်ကိုမြှင့်တင်၊ လူငယ်မျိုးဆက်သစ်များကိုဖော်ထုတ် မြန်မာ့ယဉ်ကျေးမှုကို ရည်မှန်းထားရှိပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်ရွယ်၍ မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပရေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများနှင့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာကော်မတီဝင်များနှင့် ပညာရှင်များက ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment