Saturday, September 5, 2026

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးများ၍ လယ်မြေများ ရေနစ်မြုပ်မှုနှင့် ရပ်ကွက်များ ရေဝပ်တင်ကျန်မှုအပေါ် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေး၊ လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ ယာယီနေရပ်စွန့်ခွာစခန်းများ ပြုပြင်တည်ဆောက်နိုင်ရေး ထောက်ပံ့ငွေများပေးအပ်



မြစ်ကြီးနား စက်တင်ဘာ ၅

ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် မိုးများ၍ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များနှင့် လယ်မြေများတွင် ရေဝပ်တင်ကျန်မှုများကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရှေးဦးစွာ ပမ္မတီး (ဘုမ္မော) ရပ်ကွက်၊ ပမ္မတီးကွင်းအတွင်းရှိ တောင်သူဦးခင်ရွှေအပါအဝင် တောင်သူများ၏ လယ် ၄၅ ဧကအတွင်း ရေဝပ်တင်ကျန်မှုကြောင့် စိုက်ပျိုးမှုအဆင်ပြေစေရေး ဘုမ္မောချောင်းအတွင်း ရေစီးဝင်သည့် မြောင်းသွယ်များ ဖောက်လုပ်ထားရှိမှုနှင့် မြောင်းများပိတ်ဆို့မှုဖြစ်ပေါ်သည့်အပေါ် အမြန်ဆုံးရှင်းလင်းဖယ်ရှား၍ ရေမြောင်းစနစ်တကျ ဖောက်လုပ်နိုင်ရေးအတွက်လည်းကောင်း၊ အဆိုပါ ပမ္မတီးရပ်ကွက်အတွင်း ပမ္မတီး-ရွှေအိုက် လမ်းဆုံနေရာမှ ပမ္မတီးဈေးသွားလမ်းတစ်လျှောက် ရေအိမ်တစ်ချို့တွင် မိုးရေဝင်ရောက်၍ ရေဝပ်တင်ကျန်မှုအခြေအနေများနှင့် အဆိုပါလမ်းတစ်လျှောက်မှ ဘုမ္မောချောင်းနှင့် နန့်ပုတ်ချောင်းဆုံသည့်နေရာများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ရွှေအိုက်ရပ်ကွက်အတွင်း Polytechnic University သွားလမ်းပေါ်၌ ပမ္မတီးကွင်းရှိ လယ်ကွင်းများမှရေများ ရေစီးရေလာကောင်းမွန်းရေး၊ ရေဝပ်တင်ကျန်မှု မဖြစ်ပေါ်စေရေးအတွက် ရေထုထည်အတိုင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများနှင့်ညှိနှိုင်း၍ ရေထုတ်မြောင်းများအား စနစ်တကျဖောက်လုပ်ပေးနိုင်ရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများနှင့် ကျူးကျော်မြေဖို့မှု မဖြစ်ပေါ်စေရေး ညှိနှိုင်းပေါင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လက်ဝှေ့ဆပ်ကော်မတီတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်လက်ဝှေ့ကစားသမားများ မွေးထုတ်ပေးနိုင်ရေး ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား လက်ဝှေ့ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အမျိုးသမီး ကီလို(၅၀)အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား (၄၆)ကီလိုမှ (၅၆)ကီလိုထိ သက်ငယ်တန်းပြိုင်ပွဲများနှင့် အလွတ်တန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆု ရရှိသူများအား ဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားအလွတ်တန်း ၆၃ ကီလိုတန်းနှင့် ၆၇ ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကို ထိုက်တန်စွာ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းများတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာနေထိုင်လျက်ရှိသော အိမ်ထောင်စု ၆၄ စုတို့နှင့်တွေ့ဆုံပြီး နေရပ်စွန့်ခွာစခန်းများအတွင်း နေအိမ်များ ပြုပြင်တည်ဆောက်နိုင်ရေးအတွက် စခန်းအလိုက် ငွေကျပ်သိန်း ၇၀ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment