Saturday, September 19, 2026

လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိ

 

နေပြည်တော် စက်တင်ဘာ ၁၈

တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ကျန်းမာရေးနှင့် အစားအသောက်စစ်ဆေးရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးမှာကြား

အစည်းအဝေးတွင် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးကျန်းမာရေးနှင့် အစားအသောက် စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်များ လိုအပ်ပါက ဆေးကုသမှုခံယူနိုင်ရေး၊ အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ ကူးစက်ရောဂါများကာကွယ်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို လွှတ်တော်အဆောက်အအုံနှင့် တည်းခိုနေထိုင်ရာနေရာများတွင် လွှတ်တော်မကျင်းပမီမှစတင်၍ကျင်းပစဉ် တစ်လျှောက် လုပ်ငန်းအဖွဲ့အလိုက် စနစ်တကျပုံမှန်ဆောင်ရွက်နိုင်ရန်၊ အရေးပေါ်ကျန်းမာရေးစောင့် ရှောက်မှုများကို လိုအပ်သည့်အချိန်တွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအား ကျန်းမာရေးစစ်ဆေးခြင်း (Medical Check-up)နှင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးရန်၊ လုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေးအတွက် လုပ်ငန်းအဖွဲ့အလိုက် Checklist များဖြင့် ဆောင်ရွက်ရန်၊ အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီတင်ပြကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အစားအသောက် စစ်ဆေးရေးကော်မတီအတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေကို တင်ပြပြီး ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့်သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ထို့ပြင် ကျန်းမာရေးနှင့်အစားအသောက် စစ်ဆေးရေးကော်မတီအဖွဲ့ဝင် ဌာနများအလိုက် တက်ရောက်လာကြသူများက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment