နေပြည်တော် စက်တင်ဘာ ၁၈
ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနသည် အရှေ့တောင် အာရှဒေသ၏ သမိုင်းအမွေအနှစ်များနှင့် မတူကွဲပြားသည့် ယဉ်ကျေးမှုရိုးရာများကို ထိန်းသိမ်းစုဆောင်းလျက် ရှိပါကြောင်း၊ ပညာရှင်များ၊ သုတေသီများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား လူငယ်များအကြား အသိပညာနှင့် အတွေးအမြင်များ ဖလှယ်နိုင်သည့်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည့်အပြင် ဒေသတွင်းကွန်ရက်ချိတ်ဆက်မှုနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် အထောက်အကူပြုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။
ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန၏ (၂၅)ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့ (SEAMEO CHAT 25th Governing Board Meeting) အစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဆီမီယိုအတွင်း ရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး Ms. Pnitip Iamnirath က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင်ဌာန၏ ဆောင်ရွက်ပြီးလုပ်ငန်းများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်း၊ အကြံပေးဆုံးဖြတ် အတည်ပြုခြင်းများကို ဆောင်ရွက်ကြသည်။
အစည်းအဝေးသို့ ဆီမီယိုအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဘရူနိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက in person တက်ရောက်ကြပြီး ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment