ရန်ကုန် စက်တင်ဘာ ၂၇
(၅၈) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ (58 ASIAN BODY-BUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2026) ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဘန်ကောက်မြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာကာယဗလအသင်းသည် ရွှေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ကြသည်။
အဆိုပါဆုများအား Men's Bodybuilding up to 65 kg ပြိုင်ပွဲတွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ ကစားသမားရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာကစားသမား ဟိန်းဇော်လင်းက ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး Men’s Sports Physique up to 170 cm ပြိုင်ပွဲတွင်လည်း အာဖဂန်နစ္စတန်၊ ထိုင်း၊ ပါကစ္စတန်၊ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ လာအိုနှင့် မော်လ်ဒိုက်နိုင်ငံတို့မှ ပြိုင်ပွဲဝင်ကစားသမား ၁၃ ဦးယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာကာယဗလကစားသမား နေမျိုးထွဋ်က ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။
ထို့အတူ Men's Bodybuilding up to 60 kg ပြိုင်ပွဲတွင် အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ဟောင်ကောင် (တရုတ်)တို့မှ ကစားသမားကိုးဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာကစားသမား အောင်ထွဋ်က ကြေးတံဆိပ်တစ်ခုနှင့် ယနေ့ယှဉ်ပြိုင်သည့် Women’s Wellness Physique ပြိုင်ပွဲ၌ မွန်ဂိုလီးယား၊ ဥဇဘက်ကစ္စတန်၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင် (တရုတ်) နိုင်ငံတို့မှ ကစားသမားကိုးဦး ယှဉ်ပြိုင်ကြရာ မိုးသက်ခိုင်က တတိယကြေးတံဆိပ် ဆွတ်ခူးရရှိပြီး မြန်မာကစားသမား ဟိန်းဇော်လင်းသည် ကာယဗလမောင် ၆၅ ကီလိုတန်းတွင် အကောင်းဆုံးကိုယ်ဟန်ပြဆု (Best Poser 2026 Asia) ကို ရရှိခဲ့သည်။
အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးချိုထွန်းအောင် ဦးဆောင်ကာ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း (အုပ်ချုပ်သူ)၊ ဒေါ်ရီရီဝင်း (နည်းပြ)၊ ဦးနေလင်း (နည်းပြ)၊ ဦးအောင်နိုင်(ဒိုင်)၊ ဒေါ်နန်းလောင်ခမ်း (ဒိုင်) နှင့် ပြိုင်ပွဲဝင်ကစားသမားခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုတံဆိပ်လေးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment