Monday, September 28, 2026

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်


နေပြည်တော် စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် စက်တင်ဘာ ၂၆ ညနေပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပလောက်ချောင်းရေမြင့်တက်၍ ပလောက်မြို့ အမှတ် (၁) ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ ထားဝယ်ခရိုင် သရက်ချောင်းမြို့နှင့် လောင်းလုံးမြို့တို့တွင်လည်း စက်တင်ဘာ ၂၆ ရက်နှင့် ယနေ့နံနက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ထားဝယ်မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့်နေရာများရှိ ရေဘေးသင့်ပြည်သူများအား ယာယီ ရေဘေးကူညီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိ

ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 သတင်းစဉ်

No comments:

Post a Comment