ရန်ကုန် စက်တင်ဘာ ၄
(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၄၃ နည်း ပါဝင်ယှဉ်ပြိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၏ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်၏
မြင်းစီးအသုံးအဆောင်လေ့ကျင့်ရေးပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး အားကစားအဖွဲ့ချုပ်များအနေဖြင့်
စခန်းသွင်းလေ့ကျင့်နေမှုအချက်အလက်များကို ပြည့်ပြည့်စုံစုံ အချိန်မီပေးပို့တင်ပြကြရန်၊
ပြိုင်ပွဲလိုက်ပါမည့် အင်အားစာရင်းအား အတိအကျပေးပို့သွားရန်၊ မြန်မာ့အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်
အားကစားရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တက်ညီလက်ညီ အတူတကွ
ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ လာမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့်
ပဏာမလက်ရွေးစင် အားကစားသမားများကို တွေ့ဆုံနှုတ်ဆက်ပြီး မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၏
တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့အတူ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၌
မသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များနှင့်တွေ့ဆုံပြီး
အဖွဲ့ချုပ်က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ဂျပန်နိုင်ငံ နာဂိုရာမြို့တွင်
ကျင်းပမည့် (၅) ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲအတွက် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များ၊ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေစုဆောင်းထားရှိမှုများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်
စခန်းသွင်းလေ့ကျင့်မည့် အားကစားနည်းများ၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့်
ဆုတံဆိပ်ရရှိခဲ့မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကာ အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်
အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အလားတူ ဒဂုံမြို့သစ်မြောက်ပိုင်း မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်၌
လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားမှု၊ မြန်မာ့လက်ရွေးစင်
အားကစားသမားများ၏ 10 m Air Rifle ၊ 50m 3 Position ၊ 10 m Air Pistol ၊ 25 m Sport
Pistol နည်းများ လေ့ကျင့်ပစ်ခတ်နေမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment