Saturday, September 5, 2026

(၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်ခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇-၂၀၂၈) အား လက်မှတ်ရေးထိုး

 


နေပြည်တော် စက်တင်ဘာ ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့ စတော့မြို့၌ စက်တင်ဘာ ၁ ရက်မှ ၄ ရက် အထိ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (11th Eastern Economic Forum)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ကိုယ်စား လှယ်အဖွဲ့သည် ဗလာဒီဗော့စတော့မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(၂၀၂၇-၂၀၂၈) ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခုလက်မှတ်ရေးထိုးသည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇-၂၀၂၈) သည် ရုရှား - မြန်မာ နှစ်နိုင်ငံအကြားဝန်ထမ်းများ လေ့ကျင့်သင်တန်းပေးခြင်း၊ အတွေ့အကြုံနှင့် နည်းပညာဖလှယ်နိုင် ခြင်းများကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကို ပိုမိုခိုင်မာအားကောင်းလာစေပြီး စွမ်းဆောင် ရည်မြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုအားကောင်း၍ များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. A.V. Gutsan က တည်ခင်းဧည့်ခံခဲ့သော အလုပ်သဘော နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ ဖျားစီးပွားရေးဖိုရမ်၏ ဆက်စပ်အစည်းအဝေးဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် “နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သော စီးပွားရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများကို လျှော့ချခြင်း” အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့သည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ “အရှေ့ဖျားစီးပွားရေးဒေသ ပြည်သူလူထု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပသော မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment