မန္တလေး စက်တင်ဘာ ၁၃
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အကြိမ်(၂၀)မြောက် ဘွဲ့ယူစွမ်းရည်ပြပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင် တင်ဆက်ပွဲကို ယနေ့တွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အဆိုပါ ပန်းချီ၊ ပန်းပုလက်ရာ မွန်ပြပွဲတွင် ပန်းချီပညာဌာနမှ ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ်မှ ကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်အနုပညာဒီပလိုမာတန်းမှ ကျောင်းသား ကျောင်းသူများနှင့် မဟာဝိဇ္ဇာတန်းမှ ကျောင်းသား ကျောင်းသူများက ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့် ရေးဆွဲထားသည့် ပန်းချီလက်ရာမွန်များ၊ ပန်းပုပညာဌာနတွင် ပညာဆည်းပူးခဲ့သည့် စတုတ္ထနှစ်နှင့် ဘွဲ့လွန်အနုပညာဒီပလိုမာတန်းမှ ကျောင်းသားများက ဖိုက်ဘာ၊ ပလာစတာ၊ သစ်သားတို့ဖြင့် ပုံဖော်ထုဆစ်ထားသည့် ပန်းပုလက်ရာမွန်များကို ပြသ ထားသည်။
အဆိုပါ ပန်းချီ၊ ပန်းပုလက်ရာမွန်များကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနများမှ ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်ပြတင်ဆက်မှု အစီအစဉ်ကျင်းပရာ ဒုတိယဝန်ကြီးက အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် အထူးပြုဘာသာငါးခုကို စာပေပညာရပ်နှင့် တွဲဖက် သင်ကြားပေး လျက်ရှိကြောင်း၊ ကျောင်းဆင်း ဘွဲ့ယူကြမည့် ကျောင်းသား ကျောင်းသူများသည် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာ ကြသူများနှင့်အတူ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာရပ်များကို သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ၏ တင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment