Monday, September 14, 2026

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများအဖွဲ့ စတုတ္ထအကြိမ်မြောက် အသစ်ဖွဲ့စည်း

 

နေပြည်တော် စက်တင်ဘာ ၁၃

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယကများအဖွဲ့ စတုတ္ထအကြိမ်မြောက် အသစ်ဖွဲ့စည်းခြင်းနှင့် အင်ဂျင်နီယာကောင်စီဝင်များအား ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးအေးမြင့်၊ ဒေါက်တာညီလှငယ်၊ ဒေါက်တာဝင်းမြင့်နှင့် ဦးဟံစိန်တို့ဖြင့် နာယကအဖွဲ့အသစ်ဖွဲ့စည်းသည်။

ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနာယက ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ်ကျင်းပသည့် နာယကအဖွဲ့ အစည်းအဝေးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့က အင်ဂျင်နီယာကောင်စီအဖွဲ့ဝင် ၆၀ ကို အတည်ပြုရွေးချယ်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ကို ဆက်လက်ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့အတူ နာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အင်ဂျင်နီယာပညာရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးသည်။

အလားတူ နာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အင်ဂျင်နီယာကောင်စီနာယကများဖြစ်သော ဦးအေးမြင့်၊ ဒေါက်တာ ညီလှငယ်၊ ဒေါက်တာဝင်းမြင့်နှင့် ဦးဟံစိန်တို့က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာပညာရပ် အသိုက်အဝန်း၏ တိုးတက်ရာတိုးတက်ကြောင်း ဆက်လက်အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးပြီး တက်ရောက်လာသော နာယကအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဝင် ၆၀ ကို စိစစ်၍ အတည်ပြုရွေးချယ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း)တံတားစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစဉ် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က တံတားတည်ဆောက် ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ တံတားကြီးနှင့်အတူ မြို့ပြဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားများ ကောင်းမွန်စေရေး ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။

ဆိပ်ကြီးခနောင်တို(တွံတေးတူးမြောင်း)တံတားသည် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နှင့် ဆိပ်ကြီးခနောင်တို မြို့တို့ကို ဆက်သွယ်တည်ဆောက်ထားပြီး တံတားအရှည် ၂၄၂၈ ပေ၊ တံတားအပေါ်ထည် သံမဏိသံပေါင် တံတားဖြစ်ကာ တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း တန် ၆၀ ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် အင်းစိန်မြို့နယ် တညင်းကုန်းဘူတာအနီး ရန်ကုန်-ပြည် ရထားလမ်းနှင့် ခရေပင်လမ်းဆုံရှိ မီးရထားခုံးကျော်တံတား တည်ဆောက်ရန် ဆောင်ရွက်နေသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့က ယခုခုံးကျော်တံတားကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ယာဉ်အန္တရာယ်ကင်းရှင်းပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်းသက်သာ စေရန် တည်ဆောက်ခြင်းဖြစ်ကြောင်း ၊ တညင်းကုန်း ဈေးအတွင်း ဝင်ရောက်မည့် ကုန်ကားကြီးများ အဆင်ပြေစေရေး၊ သွားလာနိုင်စေ‌ရေး ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်း၍ တံတားတည်ဆောက်ရေးကာလအတွင်း ယာဉ်သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး ကြိုတင်စီစဉ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

တညင်းကုန်းဘူတာအနီး မီးရထားလမ်းဆုံနေရာသည် ရန်ကုန်-ပြည်ရထားနှင့် ရန်ကုန်မြို့ပတ်ရထားများ နေ့စဉ် အစုန် / အဆန် ၂၃ ကြိမ်ခန့် ဖြတ်သန်း သွားလာလျက်ရှိသည့်အတွက် တံတားတည်ဆောက် ပြီးစီးသွားပါက ပြည်သူများအနေဖြင့် သွားလာရေးလွယ်ကူအဆင်ပြေချောမွေ့စေပြီး ယာဉ်ကြောပိတ်ဆို့မှုများကို ယခုထက် ပိုမိုဖြေလျှော့ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment