Saturday, September 5, 2026

လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကျင်းပ

 


နေပြည်တော် စက်တင်ဘာ ၄

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ၏ တတိယ ပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ နာယက၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဗဟိုကော်မတီဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများမှအဖွဲ့ဝင်များ၊ လွှတ်တော်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနာယက က အဖွင့်အမှာစကားပြောကြားရာ တွင် ယခင်လွှတ်တော်အစည်းအဝေးများကို ကော်မတီအားလုံး၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လာမည့်စက်တင်ဘာ ၂၁ ရက်တွင် တတိယပုံမှန်အစည်းအဝေးများကို စတင်ကျင်းပရန် ကြေညာထားပြီးဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အတွင်း နေပြည်တော်ကို ရောက်ရှိ သတင်းပို့ကြမည်ဖြစ်သည့်အတွက် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်း တာဝန်များကို အထူးအလေးထား ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။

တည်းခိုရေးနှင့် နေရာချထားရေးကော်မတီအနေဖြင့် ကိုယ်စားလှယ်များ တည်းခိုမည့်အဆောက်အအုံများ ကောင်းမွန်ရေးနှင့် ရေ၊ မီး၊ အင်တာနက်အဆင်ပြေစေရန် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း၊ တည်းခိုစဉ်အတွင်းကြုံတွေ့ရမည့် အုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက်များကိုလည်း အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်အောင် ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း၊ လုံခြုံရေးကော်မတီအနေဖြင့် လွှတ်တော်ဝင်း အတွင်း/အပြင်၊ တည်းခိုရာနေရာနှင့် ယာဉ်တန်းလုံခြုံရေးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကြပ်မတ်ရန် လိုအပပါကြောင်း၊ ပြင်ပမှ လာရောက်သူများနှင့် ဝန်ထမ်းများ၏ ဝင်/ထွက် သွားလာမှုကို စနစ်တကျသေချာစွာ စိစစ်ရန်နှင့် ဝန်ထမ်းများ “လုံခြုံရေး အသိ/သတိ” အမြဲရှိနေစေရန် မှာကြားထားရမည်ဖြစ်ပါကြောင်း။

ဆက်သွယ်ရေး၊ အသံထိန်းစနစ်နှင့် ဆန္ဒမဲပေးစက်ခလုတ်ဆိုင်ရာ လုပ်ငန်းကော်မတီအနေဖြင့် e-Voting၊ Delegate Unit နှင့် LED Board များ ကောင်းမွန်စွာလည်ပတ်နိုင်ရေး ပုံမှန်စမ်းသပ်ထားရန်လိုအပ်ကြောင်း၊ ရုပ်/သံ စနစ်များ ကြည်လင်ပြတ်သားရေးနှင့် တယ်လီဖုန်းစနစ်ကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အစားအသောက်စစ်ဆေးရေး ကော်မတီအနေဖြင့် ဆေးခန်းများတွင် ဆေးဝါးနှင့် အရေးပေါ်ဆေးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထား ရန်လိုကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ စားသောက်ဆိုင်များ၏ အစားအသောက်နှင့် သောက်သုံးရေသန့်ရှင်းမှုကို အထူးဂရုပြု စစ်ဆေးပေးရန်လိုကြောင်း။

အလားတူ သယ်ယူပို့ဆောင်ရေးကော်မတီအနေဖြင့် ကိုယ်စားလှယ်များလာရောက်ရာတွင် အဆင်ပြေစေရေး ဆောင်ရွက်ထားရှိရန်နှင့် တည်းခိုရိပ်သာနှင့် လွှတ်တော်အကြား အသွား/အပြန် သယ်ယူပို့ဆောင်ရေးကို သက်ဆိုင်ရာကော်မတီများနှင့် အချိန်မီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အခမ်းအနား ပြင်ဆင်ရေးကော်မတီအနေဖြင့် ခန်းမကြီးများ ပြုပြင်ထိန်းသိမ်းမှု၊ ပရဝဏ်သန့်ရှင်းရေးနှင့် မြို့ပြ၊ ရေသန့်၊ လျှပ်စစ်၊ ရုပ်သံပိုင်းဆိုင်ရာ ကောင်းမွန်စေရန် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ပြန်ကြားရေးကော်မတီအနေဖြင့် ရုပ်သံသတင်းမှတ်တမ်း ထုတ်လွှင့်မှုစနစ်တကျရှိစေရေး စက်ပစ္စည်းများကို အသင့်ပြင်ဆင်ထားရန်လိုကြောင်း၊ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ စည်းကမ်းချက်များနှင့်အညီ စနစ် တကျ သတင်းရယူနိုင်ရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ နိုင်ငံခြားသတင်းထောက်များအသင်းတို့နှင့် ပူးပေါင်းပြီး ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း။

ထို့အတူ လျှပ်စစ်ကဏ္ဍနှင့်စပ်လျဉ်းပြီး လွှတ်တော်အစည်းအဝေးများကျင်းပသည့်အခါ လွှတ်တော် ပရဝဏ်အတွင်းနှင့် အစည်းအဝေးခန်းမကြီးများ၊ တည်းခိုဆောင်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တတိယပုံမှန် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသည့် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးများကို လုပ်ငန်းကော်မတီများ၏ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မှုကြောင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ကော်မတီဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ တတိယ ပုံမှန်အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ကြယ်ပွင့်ပြမေးခွန်းများကို အဓိက ထား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန်နားလည်မှု၊ တာဝန်ယူမှု၊ ညှိနှိုင်းပူးပေါင်းမှုနှင့် ထိရောက်သောဆက်သွယ်မှုတိုးမြှင့်ကာ နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အစည်းအဝေးများ အောင်မြင်စွာဆက်လက်ဆောင်ရွက်သွားနိုင်ရန် ကော်မတီဝင်များအနေဖြင့် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက တတိယ ပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ဗဟိုကော်မတီနာယက က ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment