ဘားအံ စက်တင်ဘာ ၂၇
“ငြိမ်းချမ်းရေးကိုလက်တွဲတည်ဆောက် ဖွံ့ဖြိုးရေးကိုအတူတကွဖော်ဆောင်” ဆောင်ပုဒ်ဖြင့် အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံပါဝင်သော ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဖိုရမ်သို့တက်ရောက်လာသူများက နိုင်ငံတော်အလံကိုအလေးပြုကြပြီး
ဘားအံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ပန်းတိုင်းပွင့်ပါစေတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ
ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ကျင်းပသောဖိုရမ်သည် ငြိမ်းချမ်းရေးကို ပိုမိုနက်ရှိုင်းစွာနားလည်ရန်၊
အပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်ရန်၊ တိုင်းရင်းသားများ၏ အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို
ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသောအမြင်များဖော်ထုတ်နိုင်ရန်
အရေးကြီးသော အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပြီး ဖိုရမ်မှထွက်ပေါ်လာမည့် ဆွေးနွေးချက်များနှင့်
အကြံပြုချက်များသည် ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော
ရလဒ်ကောင်းများဖြစ်ပေါ်စေကာ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်စေရေးအတွက်
အမှန်တကယ် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အကြံပေးအဖွဲ့ခေါင်းဆောင်ဦးအောင်မင်း၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သူ ဦးသက်နိုင်ဝင်း၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်
မန်းငြိမ်းမောင်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးဇော်အေးမောင်၊ ငြိမ်းချမ်းရေးကိုယ်စားလှယ်
NCA/ EAO များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း
မူတူးစေးဖိုး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်
စောရွှေဝ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)
ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ
အသိပညာများ၊ အတွေ့အကြုံများကို လက်ဆင့်ကမ်းပြောကြားကြသည်။
ယင်းနောက် ကရင်ပြည်နယ်အတွင်း ဒေသအလိုက်
ပဋိပက္ခဒဏ်ခံရသူများ၏ အသံနှင့်ပဋိပက္ခများ လျှော့ချရပ်တန့်စေရေးဆန္ဒများအား ကြာအင်းဆိပ်ကြီးမြို့နယ်၊
ကော့ကရိတ်မြို့နယ်၊ ဖာပွန်မြို့နယ် ကိုယ်စားလှယ်များကပြောကြားကြပြီး ကရင်ပြည်နယ်အတွင်း
လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတည်ဆောက်ရေးစာတမ်းကို
ဆွေးနွေးမည့် အဖွဲ့(၁)ကိုယ်စားလှယ် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက
ဖတ်ကြားပြီး ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေးနှင့်
ဒေသဖွံ့ဖြိုးမှုတိုးတက်ရေးစာတမ်းကို ဆွေးနွေးမည့် အဖွဲ့(၂)ကိုယ်စားလှယ် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဖတ်ကြားသည်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်
၂၀၂၆ ကို စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဘားအံမြို့၊ ဇွဲကပင်ခန်းမနှင့် လူငယ်စင်တာတို့တွင်
ကျင်းပသွားမည်ဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်များ၊
အမျိုးသားစည်းလုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အကြံပေးအဖွဲ့ခေါင်းဆောင်၊
ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊
ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊
နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ
တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ၊
ပါဝင်ဆွေးနွေးကြမည့်ပညာရှင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊
ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူငယ်မောင်မယ်များ
စုံလင်စွာတက်ရောက်ခဲ့ကြကာ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်း(၄)စောင်ကို
အဖွဲ့လိုက်ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်စီမံချက်များကို သုံးသပ်အကြံပြု ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:
Post a Comment