Sunday, September 27, 2026

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ဆက်လက်ကျင်းပပြီးစီး



ဘားအံ စက်တင်ဘာ ၂၇

ကရင်ပြည်နယ်၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကို ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် ၂ ရက်တိုင်တိုင် ကျင်းပခဲ့ရာ စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်လူငယ်စင်တာ၌ အစုအဖွဲ့(၄)ဖွဲ့ခွဲ၍ ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာစာတမ်း(၄)စောင်ကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များ အစုအဖွဲ့(၄)ဖွဲ့ခွဲ၍ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေးနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း တည်ဆောက်ရေးစာတမ်း၊ ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ဒေသဖွံ့ဖြိုးမှုတိုးတက်ရေးစာတမ်း၊ ကရင်ပြည်နယ်အတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်အားကစားမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေးစာတမ်း၊ ကရင်ပြည်နယ်အတွင်း နည်းပညာသက်ရောက်မှုများ ဉာဏ်ရည်တုနည်းပညာ AI စနစ်ထူထောင်ရေး၊ ဆိုက်ဘာ (Cyber) ၊ Online Security ၊ လူမှုကွန်ရက် (Social Media) ကွန်ရက်အဖွဲ့များ ထိရောက်သောသတင်းမှန်ပြန်ကြားရေး စာတမ်းတို့ကို သက်ဆိုင်ရာအစုအဖွဲ့များအလိုက် (Group Discussions) လွတ်လပ်စွာပါဝင်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးမှုများကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဦးဇော်အေးမောင်၊ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သူ ဦးသက်နိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သက်ဆိုင်ရာစာတမ်းများအလိုက် အကြံပြုအားပေးစကားများပြောကြား၍ ကရင်ပြည်နယ်လူငယ်စင်တာအတွင်းရှိ စာသင်ခန်း၊ အိမ်တွင်းမှုခန်း၊ အိပ်ခန်း၊ ဂီတခန်း၊ နားနေခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ဖိုရမ်သို့တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက “ထိန်းသိမ်းကာအစဉ် သွေးချင်းတို့သဘင်” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးစာတမ်းကို အဖွဲ့(၃)ကိုယ်စားလှယ် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်ကလည်းကောင်း၊ ကရင်ပြည်နယ်အတွင်း နည်းပညာသက်ရောက်မှုများ ဉာဏ်ရည်တုနည်းပညာ AI စနစ်ထူထောင်ရေး၊ ဆိုက်ဘာ (Cyber) ၊ Online Security ၊ လူမှုကွန်ရက် (Social Media) ကွန်ရက်အဖွဲ့များ ထိရောက်သော သတင်းမှန်ပြန်ကြားရေးစာတမ်းကို အဖွဲ့(၄)ကိုယ်စားလှယ် ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မာလာထွန်းကလည်းကောင်း ဖတ်ကြားကြသည်။

ယင်းနောက် ကရင်၊ ဗမာ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းများက တိုင်းရင်းသားယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ဖိုရမ်ပထမနေ့တွင် ကရင်ပြည်နယ်လူငယ်စင်တာ၌ အစုအဖွဲ့(၄)စုခွဲ၍ ဆွေးနွေးခဲ့ကြသည့် ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေးနှင့်ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတည်ဆောက်ရေး၊ ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် ဒေသဖွံ့ဖြိုးမှုတိုးတက်ရေး၊ ကရင်ပြည်နယ်အတွင်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးခေါင်းစဉ်များအား အဖွဲ့လိုက်သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်စီမံချက်များကို တက်ရောက်လာသူများနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အကြံပေးအဖွဲ့ခေါင်းဆောင်ဦးအောင်မင်းက ဆွေးနွေးသုံးသပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်စီမံချက်များအပေါ် အကြံပြုပြောကြားပြီး မြန်မာလူငယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို) MYDA ဥက္ကဋ္ဌက သုံးသပ်ချက်၊ ရှေ့လုပ်ငန်းစဉ်စီမံချက်များကို အကြံပြုဆွေးနွေးကာ အဖွဲ့လိုက်ဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ်အကြောင်းအရာများအလိုက် သုံးသပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ဆုံးဖြတ်ချက်စာတမ်းကို ပါဝင်ဆွေးနွေးခဲ့ကြသူများက ဖတ်ကြားကြသည်။

ထို့နောက် ကရင်ပြည်နယ်ဂီတအစည်းအရုံးမှ ဖိုရမ်နှလုံးသားတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဤဖိုရမ်သည် အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပပြီးဆုံးသွားခြင်းမဟုတ်ဘဲ ပြည်နယ်၏ငြိမ်းချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုက်အဝန်းများအကြား အပြန်အလှန်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ် မျိုးဆက်များအတွက် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးတို့အတွက် အတွေးအမြင်များ၊ အတွေ့အကြုံများ၊ အကြံပြုချက်များနှင့် လက်တွေ့လုပ်ငန်းစဉ်များကို အတူတကွဆွေးနွေးဖော်ထုတ်ခဲ့ကြသည့် အရေးပါသော ပလက်ဖောင်းတစ်ရပ်ဖြစ်ကြောင်း ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်အမှာစကားပြောကြားကာ သူနာပြုသိပ္ပံ(ဘားအံ)မှ သင်တန်းသား၊ သင်တန်းသူများက စည်လုံးခြင်းသည်အင်အားဟု အဓိပ္ပယ်ရရှိသော အောဟုအောဟောင် ကရင်တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ၍ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:

Post a Comment