ပုသိမ် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
“လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် လယ်ယာကဏ္ဍတစ်ခုတည်းတင်မဟုတ်ဘဲ လယ်ယာကဏ္ဍမှထွက်ရှိသည့်
ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ တန်ဖိုးမြှင့်ထုတ်ကုန်မှ စက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းမှ
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး
နိုင်ငံထုတ်ကုန်တိုးတက်လာစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားရေရိက္ခာဖူလုံစေရေးအတွက်
ဆန်၊ ဆီ၊ သားငါး ပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့်
စပါးသီးနှံဖူလုံမှုရှိသော်လည်း ဆီထွက်သီးနှံသည် ဖူလုံမှုမရှိသေးပါကြောင်းနှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍
အလုပ်ရုံဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါကြောင်း၊ နေကြာစိုက်ပျိုးရေးနှင့်ပတ်သက်၍ ကုမ္ပဏီများနှင့်ချိတ်ဆက်ကာ
မျိုးရရှိရေး၊ သွင်းအားစုများရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို
ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး
လုပ်ငန်းကြီးကြပ်မှုကော်မတီများကလည်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊
ထို့ပြင် တိုင်းဒေသကြီးတွင် စိုက်ပျိုးသည့်ပေါ်ဆန်းစပါးများကိုလည်း အဆင်း၊ အနံ့၊ အရသာနှင့်
ပြည့်စုံသည့် မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းအောင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊
စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်စည်စီးဆင်းမှုလုပ်ငန်းများမရှိစေရေး တရားဝင်အထောက်အထားများဖြင့်
ပို့ဆောင်သည့် ကုန်စည်များကိုလည်း လျင်မြန်စွာဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊
MSME လုပ်ငန်းများသည် အရေးပါသည့်လုပ်ငန်းများဖြစ်သည့်အတွက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားကြရန်နှင့် သောက်သုံးရေနှင့်
စိုက်ပျိုးရေများအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ ပိုက်ဆံလျှော်စိုက်ပျိုးချိန်
ရောက်ရှိလာတော့မည်ဖြစ်၍ ပိုက်ဆံလျှော်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်
လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများအား အမြဲမပြတ်ကြည့်ရှုစစ်ဆေးရန်နှင့်
ကျောင်းစာကြည့်တိုက်များနှင့် အခြားစာကြည့်တိုက်များ ရှင်သန်အောင်ဆောင်ရွက်ကြရန်နှင့်
စာဖတ်နှုန်းမြင့်မားစေရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း” ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊
ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက
စိုက်ဧကများတွင် ထွန်ယက်စိုက်ပျိုးရိတ်သိမ်းနိုင်ရန်အတွက် စက်သုံးဆီများ လုံလောက်စွာရရှိရေးအတွက်
စာရင်းများတင်ပြနိုင်ရေး၊ ရေဝင်နစ်မြုပ်ဒေသများမှ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး
ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နိုင်ရေး၊
လျာထားစိုက်ဧကများ ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးမြေရေနည်းကို
အခြေခံ၍ သီးနှံစိုက်စွမ်းအား တိုးတက်အောင်ဆောင်ရွက်နိုင်ရေး၊ ရေကြီးနစ်မြုပ်ဒေသများမှ
လယ်ယာကဏ္ဍပြန်လည်ထူထောင်ရေးနှင့် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊
မျိုးစေ့များထောက်ပံ့ပေးနိုင်ရေး၊ စိုက်ဧကများ အောင်ရေရရှိရေးနှင့် ရေချိုရရှိရေး ဆောင်ရွက်ထားရှိမှုများနှင့်
တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ
ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)

No comments:
Post a Comment