ဗလာဒီဗော့စတော့ စက်တင်ဘာ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ရုရှားအရှေ့ဖျား ဖက်ဒရယ်တက္ကသိုလ်နယ်မြေရှိ အဆောက်အအုံ၌ ရုရှား-အာဆီယံ စီးပွားရေးကောင်စီ အမှုဆောင်အတွင်းရေးမှူးချုပ် မစ္စတာ ဆာမတ်ဆတ်ဗော်လ် ဒီနော့ဗ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် အာဆီယံနှင့်ရုရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရာတွင် အချက်အချာနေရာတွင်တည်ရှိသည့် မြန်မာနိုင်ငံကိုရွေးချယ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ရုရှားနှင့်မြန်မာနိုင်ငံတို့အကြား လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များတွင် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ စက်မှုကဏ္ဍတွင် နည်းပညာမြင့် Robotic ဆိုင်ရာ လုပ်ငန်းများနှင့် ဒီဂျစ်တယ် နည်းပညာသုံးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားနိုင်ရေး၊ ဒီဂျစ်တယ်နည်းပညာဖြင့် ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ Online ကုန်သွယ်မှုလုပ်ငန်းကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် လူမှုစီးပွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် ရင်းနှီးမြှုပ်နှံသွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားအရှေ့ဖျားဖက်ဒရယ် တက္ကသိုလ်နယ်မြေရှိ အဆောက်အအုံ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ RADIO SPUTNIK နှင့် တွေ့ဆုံ မေးမြန်းခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment