နေပြည်တော် ဩဂုတ် ၃၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြန်အလှန်
ပူးပေါင်းဆောင်ရွက်
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှစ၍ တရားဝင်သံတမန်ဆက်ဆံရေး
ထူထောင်ခဲ့ကြသည်မှာ (၇၈) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၍ တိုးတက်ခိုင်မြဲသည့် ဆက်ဆံရေးရှိပါကြောင်း၊
အဆွေတော် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာမည်ဟု
ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ရုံသာမက သမိုင်းကြောင်း၊
ယဉ်ကျေးမှု၊ နှစ်နိုင်ငံပြည်သူချင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများအရ နက်ရှိုင်းသည့်
ဆက်ဆံမှုများရှိပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးများ၊
လူကုန်ကူးမှုများနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု
လုပ်ငန်းများတွင် ထဲထဲဝင်ဝင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်
အဆွေတော်တို့နိုင်ငံကဲ့သို့ပင် လွှတ်တော်နှစ်ရပ်ဖြစ်သည့် Bicameral System ဖြစ်ပြီး
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟူ၍ ရှိပါကြောင်း၊ မြန်မာ-ထိုင်း လွှတ်တော်နှစ်ရပ်အကြား
လွှတ်တော်အချင်းချင်း၊ ကော်မတီအချင်းချင်း၊ လူငယ်နှင့် အမျိုးသမီးပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့
ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အာဆီယံပါလီမန်များညီလာခံ
(AIPA) နှင့် နိုင်ငံတကာပါလီမန် များအဖွဲ့ (IPU) တို့တွင် အဖွဲ့ဝင်နိုင်ငံများဖြစ်ပါကြောင်းနှင့်
AIPA တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ထဲထဲဝင်ဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့ပြင် မိမိတို့လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ
စီးပွားရေးလုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို
ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့်
မြန်မာအလုပ်သမားများ၏ တရားဝင်အခွင့်အရေးများ ရရှိရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍
ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အာဆီယံမိသားစုဖြစ်သည့်အတွက်
အချင်းချင်းနားလည်မှုများ၊ ယုံကြည်မှုများဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း
ပြောကြားသည်။
ကူညီစောင့်ရှောက်မှုပေးသွားမည်
ထို့နောက် ထိုင်းနိုင်ငံသံအမတ်ကြီးက
ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ (၇၈) နှစ်ပြည့်မြောက်ပြီးဖြစ်၍ မိမိတာဝန်ထမ်းဆောင်စဉ်ကာလတွင်
နှစ် (၈၀) ပြည့် အခမ်းအနားကို ပြုလုပ်ရမည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊
ထိုင်းနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌကလည်း အဆွေတော်ထံ နှုတ်ခွန်းဆက်သကြောင်းကို အမှာစကားပါးလိုက်ပါကြောင်း၊
နှစ်နိုင်ငံလွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း အခါအခွင့်သင့်သည့်အချိန်တွင်
အဆွေတော်အား ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြားလိုပါကြောင်း၊
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် အစိုးရနှင့်လွှတ်တော်များ
ပေါ်ပေါက်လာခဲ့ပါကြောင်း၊ အဆွေတော်အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက်လည်း
ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာ-ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့
ဖွဲ့စည်းထားသည်ကို သိရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လူငယ်နှင့် အမျိုးသမီးကိုယ်စားလှယ်များ
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင်
မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအရေးနှင့်စပ်လျဉ်း၍ ကူညီစောင့်ရှောက်မှုပေးသွားမည်ဖြစ်ပါကြောင်း၊
ထိုင်းနိုင်ငံအနေဖြင့် အာဆီယံပါလီမန်များ ညီလာခံ (AIPA) နှင့် နိုင်ငံတကာ ပါလီမန်များအဖွဲ့
(IPU) တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်၍ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
တွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊
ပြည်သူ့လွှတ်တော် မြန်မာ-ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ အတွင်းရေးမှူး
ဦးအောင်ကျော်သူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ
ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment