Tuesday, September 1, 2026

လူမှုစီးပွားဘဝအဆင်ပြေချောမွေ့ရေး လမ်းပန်းဆက်သွယ်ရေးဆောင်ရွက်

 



မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ဆက်သွယ်ရေး မဟာဗျူဟာလမ်းကြောင်းသည် ပြည်သူများ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ ပြီးခဲ့သည့်ကာလက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ အခက်အခဲများဖြစ်ခဲ့သည်။ ယခုအခါ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ပြန်လည်ထိန်းချုပ် ထိန်းသိမ်းဆောင်ရွက်နိုင်သောကြောင့် အဆိုပါဒေသများတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေး ပြန်လည်ချောမွေ့ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ရှမ်းပြည်နယ်သည် ဝေးလံကျယ်ပြန့်သည့် ဒေသဖြစ်ပြီး ဒေသရှိ ရှေးဟောင်းအဆောက်အအုံ ၆၅ ခုကို နိုင်ငံတော်က ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားသည် နှစ်ပေါင်း ၁၂၆ နှစ်သက်တမ်းရှိသည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါအဆောက်အအုံကို ရှေးဟောင်းသမိုင်းဝင် ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ပေးခဲ့သည်။ အဆိုပါတံတားကြီးသည် အမြင့် ၄၅ ပေ မှ ပေ ၃၂၀ ကြားအထိ ကွဲပြားခြားနားသော သံမဏိခုံများဖြင့် ထောက်ထားလျက် အမြင့်ဆုံးမြင်းခံသည် ပေပေါင်း ၁၁၀၀ နက်ရှိုင်းသည့် သဘာဝပေါင်းကူးတံတားပေါ်တွင် တည်ဆောက်ထားသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မြန်မာ့မီးရထားက RBE ရထားဖြင့် ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်ခရီးစဉ်ကို ပြေးဆွဲ၍ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိသည်။

ထို့အပြင် ဂုတ်ထိပ်တံတားနှင့်ပတ်သက်၍ လာရောက်လေ့လာလည်ပတ်သူများ သိရှိနိုင်ရန် သတင်းအချက်အလက်ဆိုင်းဘုတ်ကို စိုက်ထူပေးထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ရှမ်းဘာသာဖြင့် ဟိုကွတ်ဟုခေါ်သောရွာကို မြန်မာတို့က ငုတ်ထိပ်ဟုခေါ်ဆိုရာမှ ဟိုကွတ်နှင့် ငုတ်ထိပ်ဟူသောအခေါ်မှာ ထိုနေရာဒေသတွင် မြစ်ချောင်းများ ပျောက်ကွယ်သွားသည်ကို အစွဲပြု၍ခေါ်ခြင်းဖြစ်သည်။ ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရက မန္တလေး-ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ခဲ့ရာမှ မန္တလေး-လားရှိုးသို့လည်း မီးရထားလမ်းဖောက်လုပ်ရန် လိုအပ်လာသဖြင့် ဂုတ်ထိပ်တောင်ကြားကူးတံတားကို အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားနှင့် မေရီလန်းတံတားဆောက်လုပ်ရေးကုမ္ပဏီကို ငှားရမ်းဆောက်လုပ်စေခဲ့သည်။ ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးကာ ၁၉၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့သည်။

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာဖြစ်သည့် မူဆယ်မြို့သည် အရေးပါသည့်မြို့ဖြစ်သည်။ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၏ ခရီးဆုံးပန်းတိုင်ဖြစ်သည်။ ယခုအခါ မန္တလေး-နောင်ချို-သီပေါ-လားရှိုးတို့သည် တစ်ဆက်တစ်စပ်တည်းဖြစ်လာသည်။ ယခုအခါ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားကြီးအပါအဝင် ဆက်သွယ်ရေးတံတားများကို ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိရာ ပြီးစီးလုပြီဖြစ်သည်။ ယခုအခါ ဂုတ်တွင်းတံတားပြန်လည်ဖွင့်လှစ်ပြီး တစ်ဆက်တည်းဖြစ်သည့် သီပေါတံတား အပြည့်အဝဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သီပေါတံတားပွင့်ပြီး မူဆယ်-လားရှိုးလမ်းပိုင်းကို ဆက်လက်ကိုင်တွယ်ဆောင်ရွက်နိုင်လျှင် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်ဆက်တစ်စပ်တည်း ပြန်လည်ပွင့်လင်းပြီး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့လာမည်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသဖြင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝန်းရှိ ဒေသအတော်များများ တည်ငြိမ်အေးချမ်းမှုရှိလာပြီး လမ်းပန်းဆက်သွယ်ရေးများလည်း ပြန်လည်ပွင့်လင်းကာ ဒေသခံပြည်သူများ ပုံမှန်အတိုင်း ခရီးသွားလာနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံမြောက်ဘက်သို့ သွားရောက်နိုင်သည့် မန္တလေး-ဗန်းမော်-မြစ်ကြီးနားလမ်း ပြန်လည်သွားလာနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး အနောက်မြောက်ဘက်သို့ သွားရောက်နိုင်သည့် မန္တလေး-ကလေး-တမူးလမ်းပိုင်း သွားလာနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နေပြည်တော်-လွိုင်ကော် လမ်းပိုင်းနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အချက်အချာကျသည့် မြဝတီပြည်ထောင်စုလမ်းမကြီးကိုလည်း လုံခြုံစိတ်ချချောမွေ့အောင် ကာကွယ်စောင့်ရှောက်ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် နိုင်ငံတော်တစ်ဝန်းရှိ ဒေသများအားလုံး တည်ငြိမ်အေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် အပိုင်းလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နေရာအတော်များများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ အားလုံးပူးပေါင်းလက်တွဲ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment