နေပြည်တော် စက်တင်ဘာ ၉
ကျား၊မရေးရာအကြမ်းဖက်မှုအပါအဝင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများကို ကာကွယ်တားဆီးနိုင်ရေး၊ အကြမ်းဖက်ခံရသူများအတွက် လိုအပ်သောဝန်ဆောင်မှုများကို ထိရောက်စွာပေးအပ်နိုင်ရေး၊ အမျိုးသမီးများနှင့်အမျိုးသမီးငယ်များ၏ ဘေးကင်းလုံခြုံရေးနှင့် ဂုဏ်သိက္ခာကာကွယ်မြှင့်တင်ပေးနိုင်ရေးတို့အတွက် ဝန်ကြီးဌာနများမှဝန်ထမ်းများကို ဖွင့်လှစ်ပို့ချပေးမည့် “ကျား၊မအခြေပြု အကြမ်းဖက်ခံရသူများအတွက် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာသင်တန်း”ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ Hotel Amara ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ဇင်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လက်ထောက်အတွင်းဝန်၊ အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ဘာသာရပ်ပို့ချမည့်သူများ၊ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အိမ်တွင်းအကြမ်းဖက်မှုသည် အမျိုးသမီးတစ်ဦးချင်းအပေါ်သာမက ၎င်းတို့နှင့်ဆက်စပ်နေသော လူ့အသိုင်းအဝိုင်းများနှင့် လူ့အဖွဲ့အစည်းအတွက် ပြင်းထန်သောထိခိုက်မှုများဖြစ်ပေါ်စေကြောင်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာနအနေဖြင့် ကျား၊မအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များအား ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျကိုင်တွယ်ဆောင်ရွက်နေပါကြောင်း၊ ကျား၊မအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်တစ်ခုကိုဖြေရှင်းရာတွင် ရဲတပ်ဖွဲ့အခန်းကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ လူမှုရေးရာကဏ္ဍ၊ အမျိုးသမီးရေးရာကဏ္ဍစသည့် ကဏ္ဍများရှိပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့်လည်း ဥပဒေရေးရာကိစ္စရပ်များ၊ လူကုန်ကူးခံရသူများအတွက်ဆောင်ရွက်ပေးမှုများ၊ ကျား၊ မအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်နှင့်ပတ်သက်၍ အခြေခံသဘောတရားများ၊ ကျား၊မရေးရာအခြေပြုအကြမ်းဖက်မှုအတွက်ဝန်ဆောင်မှုပေးသူတစ်ဦးအနေဖြင့် လိုက်နာရမယ့်အခြေခံမူများ၊ လုပ်ငန်းစဉ်များကို ပိုမိုနားလည်သဘောပေါက်လာကြမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ ဝန်ကြီးဌာနငါးခုနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၅၀ တက်ရောက်ကြပြီး သင်တန်းကာလသုံးရက်တာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment