Thursday, September 10, 2026

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ်

 


နေပြည်တော် စက်တင်ဘာ

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာန၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူ၊ ကိုင်တွယ်အသုံးပြုသူများ၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းဆောင်ရွက်သူများအား ဓာတုပစ္စည်းများသိုလှောင်ခြင်း၊ အသုံးပြုခြင်း၊ ကိုင်တွယ်ခြင်းနှင့်စွန့်ပစ်ခြင်းတို့တွင်လိုက်နာရမည့် လုံခြုံရေးဆိုင်ရာနည်းလမ်းများကိုသိရှိနားလည်ပြီး လုပ်ငန်းခွင်တွင်လက်တွေ့အသုံးချနိုင်ရန်၊ လုပ်ငန်းခွင်အတွင်းဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အခြေအနေကို ကြိုတင်ခန့်မှန်းသိရှိနိုင်စေရန်၊ ထိုအန္တရာယ်များကို စနစ်တကျတားဆီးကာကွယ်နိုင်သည့် အသိပညာများရရှိစေရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုသိရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

 သင်တန်းဖွင့်ပွဲသို့ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကိုင်တွယ်အသုံးပြုခြင်းနှင့်စွန့်ပစ်ခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး (Occupational Safety and Health- OSH)ကို အထူးအလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင်လည်း စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်(Fed.MES)တို့ ပူးပေါင်းဆောင်ရွက်သည့် ဉာဏ်ရည်တုအသုံးချနည်းပညာမြှင့်တင်ရေးအစီအစဉ်ဖြစ်သော MSME များအတွက် ဉာဏ်ရည်တုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ (AI Awareness Webinar) သို့ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး အမှာစကား ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ဉာဏ်ရည်တု(AI)နှင့် အကြောင်းအရာအသစ်များ ဖန်တီးနိုင်သည့် ဉာဏ်ရည်တု (Generative AI) ဉာဏ်ရည်တုနှင့် စက်မှုအလိုအလျောက်စနစ် (AI နှင့် Automation) ASEAN MSME များတွင် ဉာဏ်ရည်တု(AI)ကိုလက်တွေ့အသုံးချနေမှု၊ စျေးကွက်ရှာဖွေရေး၊ ဖောက်သည်ဝန်ဆောင်မှု၊ ကုန်ပစ္စည်းလက်ကျန်နှင့်စာရင်းကိုင်စသည့်လုပ်ငန်းကဏ္ဍများတွင် အသုံးချနိုင်သည့် စီးပွားရေးလုပ်ငန်းများတွင်အသုံးပြုရန်ထုတ်လုပ်ထားသော ဉာဏ်ရည်တု (AI) ပါဝင်သည့် ဆော့ဖ်ဝဲ/အက်ပလီကေးရှင်းများ (Business AI Tools) များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment