Thursday, September 10, 2026

ပျော်ဘွယ်မြို့နယ်၌ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိ


 

နေပြည်တော် စက်တင်ဘာ ၉

ပျော်ဘွယ်မြို့နယ်၌ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ရှစ်သိန်းကျော်ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။




ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပျော်ဘွယ်မြို့နယ် ဆိတ်ချိုကျေးရွာအုပ်စု ကံစွယ်ကျေးရွာအနီး ပျော်ဘွယ်-နတ်မောက်သွား ကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် MINIBUS ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့သည်။

 ကွင်းဆက်စစ်ဆေးချက်အရ နေပိုင်စိုး (ခ) ဂျာကြီး(ခ)အောင် ကျော်မြင့်၊ ကျော်သာ (ခ)အောင် ကျော်နှင့်အတူ ကိုစိုး၊ ယုယုမော်၊ ရဲမင်းအောင်(ခ)ပါးသိုင်း၊ မိုးအောင် (ခ)ဆလိုင်းမိုးအောင်တို့ ခုနစ်ဦးအား ယာဉ်လေးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်နေ မောင်ဝင်း(ခ) အောင်စိန် (ခ)အောင်သိန်း (ခ) အောင်ထိန် (ဖမ်းဆီးရန်ကျန်)မှ ရမည်းသင်း မြို့နယ်သို့ လာရောက်ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမှ အောင်လံသို့ ကျော်သာ(ခ)အောင်ကျော်၏ အစီအမံဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး အောင်လံမှ ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ သယ်ဆောင်သူများမှာ မိုးအောင် (ခ)ဆလိုင်းမိုးအောင်၊ ရဲအောင် (ဖမ်းဆီးရန်ကျန်) နှင့် ကိုဦး (ဖမ်းဆီးရန်ကျန်)တို့ ဖြစ်ကြောင်း၊ အမ်းမှ မောင်တောသို့ ဆက်လက်သယ်ဆောင်သူမှာ ရွှေလင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သည့် ကျော်သာ(ခ) အောင်ကျော်နှင့် ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ အဓိကစီမံခန့်ခွဲသူ မောင်ဝင်း(ခ)အောင်စိန်(ခ) အောင်သိန်း (ခ) အောင်ထိန် (ဖမ်းဆီး ရန်ကျန်)နှင့် ချိတ်ဆက်၍ ရခိုင်ပြည်နယ် မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆက်လက်ပို့ဆောင်သူမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ နိုင်နိုင်ဦး ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွဆေးပြားများ အကြိမ်ကြိမ် သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment