နေပြည်တော် စက်တင်ဘာ ၁၈
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူစစ်မှုထမ်းအမှတ်စဉ်(၅)တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အလားတူ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်လျက်ရှိသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိလျော့ပေါ့ပေးလျက်ရှိသည်။ ထို့အတူ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်လျက်ရှိသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးလျက်ရှိသည်။
ထိုသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း
အမှတ်စဉ်(၅)မှ ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းကာလ လျှော့ပေါ့ခွင့်ရရှိကြသည့်
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၃)မှ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား
ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံ(၁၂)
ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ရာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ
တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်
သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့်
၎င်းတို့၏ မိသားစုဝင်များတက်ရောက်ကြသည်။
အခမ်းအနားများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီးအခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းများ၊ ဂုဏ်ပြုနေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံခဲ့၍ နိုင်ငံ့သားကောင်းစစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းကာလ လျော့ပေါ့ခွင့်ရရှိကြသည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ၎င်းတို့၏ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက်စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသော နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသူများအဖြစ် လည်းကောင်း၊ နိုင်ငံကြီးသားပီသစွာဖြင့် ဥပဒေပါတာဝန်များကို ကျေပွန်ခဲ့ကြသူများအဖြစ် လည်းကောင်း သမိုင်းဝင်ကမ္ပည်းမော်ကွန်းထိုး မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည့်အပြင် နိုင်ငံတော်အတွက် လိုအပ်နေသည့် အချိန်တွင် အသက်ကိုပဓာနမထားဘဲ နိုင်ငံ့အကျိုးအတွက် တပ်မတော်၏ အရန်အင်အားအဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုအပေါ် နိုင်ငံတော်နှင့် တပ်မတော်က တန်ဖိုးထား လေးစားဂုဏ်ပြုလျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်(သို့) အလားတူ ရာထူးအတိုင်းပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများအနေဖြင့် အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းအချို့အနေဖြင့် သက်ဆိုင်ရာ ရုံး၊ ဌာနများနှင့် လုပ်ငန်းခွင်များတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့သည်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လိုသည့်အတွက် ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်ကြသည်များလည်း ရှိကြကြောင်း သိရှိရသည်။
ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ သတ်မှတ်ကာလပြည့် မြောက်ခဲ့ကြသည့် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသည် နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းများပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများကို ထိုက်ထိုက်တန်တန် တန်ဖိုးထားခြင်းဖြစ်ပြီး တပ်မတော်နှင့် ပြည်သူအကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာနားလည်မှုနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း၏ တာဝန်ရှိမှု၊ တာဝန်သိမှုတို့ကို ဖော်ပြသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ရာ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းများ၊ သင်တန်းတက်ရောက်နေဆဲဖြစ်သည့် ပြည်သူ့စစ်မှုထမ်းများနှင့် နောင်လာနောက်သား မျိုးဆက်သစ် လူငယ်လူရွယ်များအတွက်လည်း စံနမူနာကောင်းတစ်ခုပင် ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းများ၏ တာဝန်ကျေပွန်မှုများသည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် ပြည်သူတစ်ရပ်လုံးက စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်လာပြီး တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်တည်မှုကို အပြည့်အဝ သက်သေထူသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုလည်းဖြစ်သည်။














No comments:
Post a Comment