Friday, September 4, 2026

ညောင်တုန်းမြို့နယ်အတွင်း မြစ်ရေပြန်လည်ကျဆင်းသွားသည့် ကျောင်းများကို ဆေးကြောသန့်စင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြား

 

နေပြည်တော် စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများတွင် ရေကျသွားသည့် ကျောင်းများကို ဆေးကြောသန့်စင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိသည့်အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဦးစွာ ညောင်တုန်းမြို့နယ် ပတုပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သဇင်ရေကျော်ရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ သဇင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ပန်းဆိပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ဘဝသစ်အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)များသို့ သွားရောက်ပြီး မြစ်ရေပြန်လည်ကျဆင်းသွားသည့် ကျောင်းများတွင် စာသင်ကျောင်းများကို ဆေးကြောသန့်စင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေမှု၊ ရေဘေးကြောင့် ပျက်စီး/မျောပါသွားသည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာ များနှင့် ကျောင်းဝတ်စုံများကို ပြန်လည်ဖြည့်ဆည်း ထောက်ပံ့ပေးမှုနှင့် ရေကျ၍ ကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်နိုင်ချိန်တွင် ကျောင်းသား ကျောင်းသူများ ဘာသာရပ်သင်ခန်းစာနောက်ကျမှုမရှိစေရေးအတွက် သင်ခန်းစာများ အစားထိုးပြန်လည်သင်ကြားပေးနိုင်ရန် ဆောင်ရွက်ထားမှု၊ ကျောင်းသား ကျောင်းသူများ ယာယီစာသင်ခန်းများတွင် ပညာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ မူလတန်းအောက်ဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များနှင့် စာရေးကိရိယာများ၊ ဆရာ ဆရာမများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ကို ပေးအပ်သည်။

အလားတူ မအူပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (လယ်ကိုင်း)၊ အခြေခံပညာမူလတန်းကျောင်း(ထနီဒေါင့်)ကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မအူပင်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရတနာခန်းမ၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများအား တွေ့ဆုံရာ တက်ရောက်လာသူများနှင့် ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးက ကျောင်း အဆောက်အအုံများနှင့် ပညာရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ရေဘေးသင့်ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေ များပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment