Friday, September 4, 2026

လူကုန်ကူးမှုပြဿနာသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်စုတစ်ခုလုံး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ဂုဏ်သိက္ခာကို ကြီးမားစွာထိပါးဖျက်ဆီး

 

နေပြည်တော် စက်တင်ဘာ ၃

လူကုန်ကူးမှုပြဿနာသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်စု တစ်ခုလုံး၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ဂုဏ်သိက္ခာကို ကြီးမားစွာ ထိပါးဖျက်ဆီးနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၆)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ၊ မူဝါဒရေးရာချမှတ်မှုများ၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရပြီး မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားသားများကို သတ်မှတ်ချက်များနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်း၊ အကူအညီပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးမှုကျူးလွန်သူများကို ထိရောက်ပြင်းထန်သော ပြစ်ဒဏ်ချမှတ်နိုင်ရန် ဥပဒေနှင့်အညီ ခိုင်လုံသောအထောက်အထားများဖြင့် တရားစွဲဆို တင်ပို့လျက်ရှိပြီး လူကုန်ကူးခံရသူများ၊ သက်သေများ၏လုံခြုံမှုကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးအတွက် လိုအပ်သည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံပြီး ဇာတိနေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း၊ လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် ပညာရေးနှင့်ကျွမ်းကျင်မှုအခြေခံအသက် မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးခြင်း၊ အဓမ္မပြည့်တန်ဆာပြုလုပ်စေခြင်း၊ အဓမ္မလုပ်အားစေခိုင်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်း၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းထုတ်ယူခြင်းစသည့် ဖြစ်စဉ်များ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း။

ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ

နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံရှိသံရုံးများနှင့် ရဲဆက်သွယ်ရေးလမ်းကြောင်းများ ဖြစ်သည့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အင်တာပိုလ်၏ National Central Bureau(NCB)လမ်းကြောင်းများမှ တစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့် ပတ်သက်၍ ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း၊ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးမှုကျူးလွန်ခံရခြင်းမရှိစေရန် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များ၊ နယ်စပ်ဒေသများရှိ ဝင်ပေါက်/ ထွက်ပေါက်များတွင် အသိပညာပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ တားဆီးအသိပညာပေးကာ နေရပ်သို့ပြန်လည် စေလွှတ်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် လူကုန် ကူးခံရနိုင်ခြေရှိသော ထိခိုက်လွယ်အုပ်စုများကို စိစစ်ဖော်ထုတ်ပြီး တိုက်ရိုက်အကူအညီပေးခြင်း၊ ပြန်လည်ခေါ်ယူခြင်း၊ မိဘရပ်ထံ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို တင်ပြရာ ဝိုင်းဝန်းအကြံပြုသုံးသပ်ဆွေးနွေးခဲ့ကြပြီး ဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။                             

သတင်းစဉ်

No comments:

Post a Comment