Monday, September 14, 2026

လိမ်လည်မှုထောင်ချောက်သတိပြု ဘေးကင်းလုံခြုံမှုကိုတည်ဆောက်

 


လူကုန်ကူးမှုသည် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ဂုဏ်သိက္ခာများကို ကြီးမားစွာထိပါး ဖျက်ဆီးနေသည့်အန္တရာယ်ဖြစ်သည်။ လူသားများကို ခြိမ်းခြောက်နေသည့် လူကုန်ကူးမှုအန္တရာယ်ကို ကမ္ဘာ့နိုင်ငံများက နိုင်ငံဖြတ်ကျော်မှုခင်းများအဖြစ် တိုက်ဖျက်လျက်ရှိသည်။ ခေတ်ရေစီးကြောင်းပြောင်းလဲမှုများ၊ နည်းပညာတိုးတက်မှုများနှင့်အတူ မျက်မှောက်ကာလတွင် ဒုစရိုက်သမားများက လူကုန်ကူးမှုကို ဆန်းပြားသည့် ပုံစံအမျိုးမျိုးကျူးလွန်လာသည်ကို တွေ့ရမည်ဖြစ်သည်။

အထူးသဖြင့် ဆိုက်ဘာနည်းပညာကိုအသုံးချသည့် အွန်လိုင်းလိမ်လည်မှုများမှတစ်ဆင့် ဆက်နွှယ်ဖြစ်ပေါ်လာသော အဓမ္မစေခိုင်းမှုလူကုန်ကူးမှုများသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများအပေါ် စိန်ခေါ်မှုအသစ်များဖြစ်လာသည်။ မြန်မာနိုင်ငံတွင် ဒုစရိုက်သမားများ၏ ထောင်ချောက်အတွင်းသို့ ရောက်ရှိသွားသူများကို အိမ်နီးချင်းနိုင်ငံများသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးခြင်း၊ အဓမ္မပြည့်တန်ဆာ ပြုလုပ်စေခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စများကို အဓမ္မပြုလုပ်စေခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထုတ်ယူရောင်းချခြင်း စသည့်အန္တရာယ်များကို လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ယခုအခါတွင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ များပြားလာသည်ကိုတွေ့ရမည်ဖြစ်သည်။ တရားမဝင်ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ခြင်း၊ အဓမ္မစေခိုင်းခံရနိုင်ခြင်း၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝမရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးခြင်း စသည့်အန္တရာယ် အခက်အခဲများကြုံတွေ့နိုင်သဖြင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ အိမ်နီးချင်းနိုင်ငံများအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပို့ဆောင်ရန် မက်လုံးပေးစည်းရုံးပြောဆိုပြီး လူသစ်စုဆောင်းခြင်းများ တရားမဝင်ပြုလုပ်နေသည်ကို ကြားသိနေရသည်။ ထိုသို့စုဆောင်းသူများကို အရေးယူဆောင်ရွက်ခဲ့ပြီး ပို့ဆောင်ခံရသူများကို ကူညီကယ်တင်ပေးနိုင်ခဲ့သည်။ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်သောဟန့်တားမှုဖြစ်သဖြင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် လူကုန်ကူးမှုအသိပညာပေးမှုများ ဆောင်ရွက်ပေးခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှ တစ်ဆင့်အချက်အလက်များပေးပို့ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါ အွန်လိုင်းလိမ်လည်မှုကျူးလွန်ရန်အလို့ငှာ သွေးဆောင်ခေါ်ယူခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်းနှင့် ဆန္ဒမပါဘဲ အတင်းအဓမ္မစေခိုင်းခြင်း စသည့်လူကုန် ကူးမှုနှင့်သက်ဆိုင်သည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းများကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ နည်းပညာပိုင်းဆိုင်ရာအသုံးပြုပြီး အချိန်နှင့် တစ်ပြေးညီစောင့်ကြည့်ခြင်း၊ စိစစ်ဖော်ထုတ်ခြင်းနှင့်အရေးယူခြင်းတို့ကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အွန်လိုင်းလိမ်လည်မှုကြောင့် အများပြည်သူ ထိခိုက် နစ်နာဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် အွန်လိုင်းလိမ်လည်မှုတိုက် ဖျက်ရေးဆိုင်ရာဥပဒေ ကို ဇူလိုင်လ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် လူကုန်ကူးခံရသူများအား လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

လူပွဲစားများ၏ ဖြားယောင်းသွေးဆောင်မှုကြောင့်လည်းကောင်း၊ မိမိတို့၏ သဘောဆန္ဒအရလည်းကောင်း၊ အခြားသော အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း ပြည်ပနိုင်ငံများသို့ တရားမဝင်ရောက်ရှိ၍ ဘေးဒုက္ခကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ ဘေးမသီရန်မခဘဲ မိခင်နိုင်ငံသို့ ပြန်လာနိုင်ရေးနှင့် ရွှေ့ပြောင်းလုပ်သားများအနက် လူကုန်ကူးခံရနိုင်ခြေရှိသည့် ထိခိုက်လွယ်အုပ်စုများအား စိစစ်ဖော်ထုတ်ပြီး တိုက်ရိုက်အကူအညီပေးခြင်း၊ ပြန်လည်ခေါ်ယူခြင်း၊ မိဘရပ်ထံပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် လူသားအရင်းအမြစ်များ အွန်လိုင်းလိမ်လည်မှုမှတစ်ဆင့် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှု၊ အဓမ္မကျူးလွန်ခံရမှုများမဖြစ်စေ ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၆ ခုနှစ် (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက် ရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုနောက်ကွယ်က လိမ်လည်မှုထောင်ချောက်တွေကို တိုက်ဖျက်ကြ” ဆိုသည့်အတိုင်း လူကုန်ကူးမှု၏ သားကောင်မဖြစ်စေရေးအတွက် လိမ်လည်မှုထောင်ချောက်ဆင် ကမ်းလှမ်းမှုများ၊ သတင်းအချက်အလက်များအား သေချာစွာစုံစမ်းလေ့လာပြီး လိမ်လည်လှည့်ဖြားသည့် ထောင်ချောက်များကို သတိပြုကာ မိသားစုနှင့်ပတ်ဝန်းကျင်ကို အသိပေးကာကွယ်ခြင်းဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် အတူတကွပါဝင်ပြီး ဘေးကင်းလုံခြုံသည့်ပတ်ဝန်းကျင်ကို တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။

No comments:

Post a Comment