မိမိတို့နိုင်ငံသည် ၁၉၉၇ ခုနှစ်မှစတင်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လာ ခဲ့ခြင်းဖြစ်ရာ လာမည့်နှစ်ဆိုလျှင် နှစ်ပေါင်း ၃၀ တင်းတင်းပြည့်ပြီဖြစ် သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၈၅ တွင်လည်း “နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်”ဟု အတိအလင်းပြဋ္ဌာန်းထားရှိသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၅ ဖြင့် “လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ” ကို ပြဋ္ဌာန်းခဲ့သည်။ ၎င်းဥပဒေကို ပြောင်းလဲလာသည့် လူကုန်ကူးမှုပုံစံများ၊ နိုင်ငံတကာ စံနှုန်းများနှင့် ချိန်ဆညှိနှိုင်းပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် “လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ” အဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေစတင်ပြဋ္ဌာန်းနိုင်ခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။
လူကုန်ကူးမှုဖြစ်စဉ်များသည် ခေတ်ကာလအခြေအနေများနှင့် နည်းပညာဖွံ့ဖြိုးမှုတို့နှင့်အညီလိုက်ပါ၍ ပုံစံပြောင်းလဲဖြစ်ပေါ်လျက်ရှိသည်။ လူကုန်ကူးခံရခြင်းများကို လေ့လာဆန်းစစ်ပါက ဆင်းရဲနွမ်းပါးခြင်း၊ ပညာရေးအခြေအနေနိမ့်ကျခြင်း၊ ဗဟုသုတနည်းပါးခြင်း စသည့်အခြေခံအချက်အလက်အချို့ကြောင့်သာမကဘဲ အဆင့်မြင့် ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ပညာရေးစရိတ်လိုအပ်ခြင်း၊ မိသားစုအတွက် ဝင်ငွေအများအပြားရရှိလိုခြင်း၊ ပိုမိုမြင့်မားသည့် လူနေမှုဘဝကိုမျှော်မှန်းခြင်း၊ လက်ရှိအခြေအနေအပေါ် ကျေနပ်မှု မရှိခြင်း၊ အောင်မြင်မှုရရှိနေသည့်ဘဝများကိုအားကျခြင်း စသော အရင်းခံအကြောင်းများလည်းရှိကြသည်ဟုဆိုသည်။
ယခုနောက်ပိုင်း ဖြစ်ပေါ်လာသည့်လူကုန်ကူးမှုများတွင် မြန်မာအမျိုးသမီးများကို မြန်မာနိုင်ငံအတွင်းသို့ လာရောက်စည်းရုံး၍ အယောင်ပြလက်ထပ်ကာ ပြည်ပနိုင်ငံများသို့ ခေါ်ထုတ်သည့်ဖြစ်စဉ်၊ အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာထုတ်လွှင့်ပြသရန် စည်းရုံးသိမ်းသွင်းခဲ့သည့် ဖြစ်စဉ်များပါဝင်လာသည်ကို ဖော်ထုတ်တွေ့ရှိရပြီး အရေးယူဆောင်ရွက်ခဲ့ရကြောင်းသိရသည်။ မြန်မာအမျိုးသမီးများနှင့် ပြည်ပနိုင်ငံခြားသားများ ထိမ်းမြားလက်ထပ်ရန် ဆောင်ရွက်ပေးကြသူများနှင့် ဥပဒေကိုလက်တစ်လုံးခြားလုပ်နေကြသူများကို ဖော်ထုတ်အရေးယူမှုများ ပြုလုပ်လျက်ရှိသည်။ နိုင်ငံခြားသားများနှင့် လက်ထပ်သည့် မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန် လုပ်ငန်းစဉ်အဆိုပြုချက်များချမှတ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ ထိရောက်စွာအကောင်အထည်ဖော်လျက်ရှိရာ သတင်းလက်ဦးမှု ရယူခြင်း၊ တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းဟူ၍ အဓိကအချက် ၃ ချက်ပါဝင်သည့် ယင်းလုပ်ငန်းစဉ်၌ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်စီမံကိန်းများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၀၇ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုနှစ်သည် စတုတ္ထ ၅ နှစ် စီမံကိန်း ( ၂၀၂၂-၂၀၂၆)၏ နောက်ဆုံးနှစ်လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကာလဖြစ်သည်။ ယနေ့ကာလတွင် နည်းပညာအသုံးပြု၍ နိုင်ငံဖြတ်ကျော်အွန်လိုင်း လိမ်လည်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေခြင်းနှင့်အတူ အလုပ်အကိုင်လိမ်လည်မှုများမှတစ်ဆင့် အတင်းအကျပ် အဓမ္မစေခိုင်းသည့်လူကုန်ကူးမှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာ ကြသည်။ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်လိုသူများကို တရားမဝင်လမ်းကြောင်းမှ ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူများကလည်း အုပ်စုဖွဲ့ပြစ်မှုကျူးလွန်လာကြသည်ကို တွေ့ရှိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစကာ ယခုနောက်ပိုင်း လူကုန်ကူးမှုဖြစ်စဉ်များသည် ယခင့်ယခင်ကာလများကနှင့်မတူဘဲ ပိုမိုဆန်းသစ်သော ခေါင်းပုံဖြတ်မှုများကို ပြုလုပ်လာကြခြင်းဖြစ်ရာ တားဆီးကာကွယ်ရေးအပိုင်းကလည်း ပြောင်းလဲလာသည့်အခြေ အနေများအပေါ် လိုက်ပါပြောင်းလဲဆောင်ရွက်နေရသည့် အခြေ အနေဖြစ်သည်။
ခေတ်သစ်ကျွန်ပြုမှုဟုခေါ်သော လူကုန်ကူးမှု၏ သားကောင်ဘဝသို့ မကျရောက်ရန်မှာ လိမ်လည်လှည့်ဖြားမှုများကို နားလည်သိမြင်ဆင်ခြင်ကြရန် လိုအပ်ပြီး မိမိကိုယ်တိုင်ရော မိသားစုနှင့် ပတ်ဝန်းကျင်ကိုပါ အသိပညာမျှဝေ၍ ကြိုတင်ကာကွယ်ရှောင်ရှားကြရပါမည့် အကြောင်း။ ။

No comments:
Post a Comment