လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးကို ဂျီနီဗာမြို့တွင် စက်တင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဆိုသည့် အဖွဲ့၏အစီရင်ခံစာတို့အပေါ် အပြန်အလှန်ပေါင်းစပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ IIMM ဆိုသည့် ယန္တရားနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်
IIMM ဆိုသည့်ယန္တရားကို စတင်ထူထောင်သည့် အချိန်ကတည်းက ယနေ့အချိန်အထိ အသိအမှတ်ပြုခြင်းမရှိပေ။
အဆိုပါယန္တရားကိုယ်တိုင်သည်ပင် ဥပဒေကြောင်းရှုထောင့်အရ အားနည်းချက်များစွာရှိပြီး နိုင်ငံတစ်နိုင်ငံအပေါ်
နိုင်ငံရေးအရ ဖိအားပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ထူထောင်ထားသည်ကို တွေ့ရသည်။ IIMM ကို
၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့
(FFM) ဆိုသည့်အဖွဲ့က အစပြုခဲ့ခြင်းဖြစ်သည်။ FFM ဆိုသည်မှာ မြန်မာနိုင်ငံမပါဘဲ ORCHR
က တစ်ဖက်သတ် ဆုံးဖြတ်ချက်ဖြင့် ထူထောင်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ ယင်းနောက် FFM ၏
တွေ့ရှိချက်များအပေါ်မူတည်၍ သက်သေအထောက်အထားများကို ထိန်းသိမ်းထားနိုင်မည့် ပိုမိုခိုင်မာသော
ယန္တရားလိုအပ်သည်ဟု အကြောင်းပြချက်ဖြင့် ထူထောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလူ့အခွင့်အရေးကောင်စီ၏
လုပ်ပိုင်ခွင့်တွင် နိုင်ငံတစ်နိုင်ငံအပေါ် ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာ (သို့မဟုတ်)
စုံစမ်းစစ်ဆေးရေးယန္တရား တစ်ရပ်ရပ်ကိုဖွဲ့စည်းရန် တရားဝင်လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းမရှိပေ။
ထို့ကြောင့် လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက် ၃၉/၂ ၏ IIMM တည်ထောင်ရန် ဆုံးဖြတ်ချက်သည်
ကုလသမဂ္ဂ၏ Charter ကိုသော်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီ ထူထောင်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏
ဆုံးဖြတ်ချက်ကိုသော်လည်းကောင်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။ IIMM
သည် နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထားပြီး တစ်ဖက်သတ်ဆန်သော နိုင်ငံရေးအရ သွတ်သွင်းဆောင်ရွက်သည့်
လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အဆိုများ၏ နောက်ဆက်တွဲရလဒ်တစ်ရပ်သာဖြစ်သည်။
IIMM သည် နိုင်ငံတစ်နိုင်ငံ
သို့မဟုတ် ဒေသအုပ်စုတစ်စု၏ နိုင်ငံရေးအရ အသုံးချခံလက်ကိုင်တုတ်တစ်ခုအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။
တစ်ဖက်တွင် IIMM ယန္တရား၏ သက်တမ်းနှင့်ပတ်သက်၍ ရှင်းလင်းသော ပြဋ္ဌာန်းချက်မပါရှိခြင်းနှင့်
လုပ်ငန်းတာဝန်နှင့် လုပ်ငန်းဆိုင်ရာသတ်မှတ်ချက်များအနေဖြင့် ကုလသမဂ္ဂ၏ အရင်းအမြစ်များနှင့်
အလှူရှင်နိုင်ငံများထံမှ ရန်ပုံငွေများကို ၎င်းတို့၏ဆုံးဖြတ်ချက်ဖြင့် လက်ခံရယူနိုင်သည်ဟု
ဖော်ပြထားခြင်းသည် ဘတ်ဂျက်အလွဲသုံးမှုကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ
ပွင့်လင်းမြင်သာမှုကင်းမဲ့လျက်ရှိသည်။ ထို့ပြင် IIMM ဆိုသည့် ယန္တရား၏ နှစ်စဉ်အစီရင်ခံစာသည်
ယခင်နှစ်များနည်းတူ မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ်စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့်
ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့်သတင်းများနှင့် ဖောင်းပွကိန်းဂဏန်းများအပေါ်
အခြေခံထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံက
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနှင့် IIMM ယန္တရားနှင့်ပတ်သက်၍ အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း
တိတိကျကျ ပြန်လည်အသိပေးထားသည်။ မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ ယခုကဲ့သို့ လွဲမှားစွာ
ဖော်ပြချက်များသည် အကြမ်းဖက်မှုကို အားပေးကူညီခြင်း၊ အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကို
ဖြစ်ပွားစေခြင်းတို့အပြင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုထိန်းသိမ်းရန်
သက်ဆိုင်ရာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အဟန့်အတားဖြစ်စေသည်။ ကုလသမဂ္ဂအနေဖြင့်
ကမ္ဘာကြီးငြိမ်းချမ်း သာယာဝပြောရေး အလေးထားဆောင်ရွက်နေသည်။ ယင်းရည်ရွယ်ချက်နှင့် သွေဖည်ဆောင်ရွက်နေသော
အဆိုပါအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် အလှူရှင်နိုင်ငံများ၏ ရန်ပုံငွေဖြင့် အကြမ်းဖက်အားပေးဆောင်ရွက်နေသည့်
သဘောသက်ရောက်နေသည်။
၎င်းတို့စွပ်စွဲထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ဆင်ရေးများသည် လက်နက်ကိုင်သောင်းကျန်းသူများက မြို့ရွာများကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်ပေးရန်အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းနှင့်အညီ စစ်ရေးပစ်မှတ်များကိုသာ ပြန်လည်တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်က အပြစ်မဲ့ပြည်သူများအား ထိခိုက်မှုမရှိစေရန် အထူးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ထိပါးမှုများကို မည်သည့်နိုင်ငံအစိုးရအနေဖြင့် ခွင့်လွှတ်သည်းခံမည်မဟုတ်ဘဲ ထိရောက်စွာနှိမ်နင်းကြသည်ကို တွေ့ရမည်ဖြစ်ရာ ယခု IIMM ဆိုသည့် အဖွဲ့အစည်း၏ထုတ်ပြန်ချက်၊ ဖော်ပြချက်အားလုံးအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပယ်ချရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment