စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို အနယ်နယ်အရပ်ရပ်၌ ဆောင်ရွက်လျက်ရှိရာ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ စာဖတ်ကြစေလို၍ဖြစ်သည်။ အထူးသဖြင့် ကျောင်းသားအရွယ် လူငယ်ဘဝတွင် စာဖတ်သည့်အလေ့အထကို မျိုးစေ့ချပေးပြီး စာဖတ်သည့် အကျင့်ကောင်းကို စွဲမြဲစေကာ ဘဝတစ်လျှောက်လုံး စာပေလေ့လာဖတ်ရှုမှုဖြင့် တိုးတက်စေချင်သောကြောင့်ဖြစ်သည်။ စာအုပ်စာပေကို အလေးထားဖတ်ရှုကြခြင်းအားဖြင့် စာကြည့်တိုက်များနှင့် ပြည်သူများအကြား အပြန်အလှန်တိုးတက်ဖွံ့ဖြိုးလာစေရန်လည်း ရည်ရွယ်ရင်းဖြစ်သည်။
“စာဖတ်သောလူမျိုးသည်
တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်ကြလေသည်” ဟူသည့် တိုတိုနှင့်ထိရောက်လှသော အဆိုကလေးမှာ
ထင်ရှားလှသည်။ အဆိုရှင်မှာ ကုလသမဂ္ဂ၏ တတိယမြောက်အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ
ဦးသန့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ရှေ့တန်းရောက်နေကြသည့်နိုင်ငံ၊ တိုးတက်သည့်နိုင်ငံများမှ
နိုင်ငံသူနိုင်ငံသားတို့မှာ စာဖတ်နာသူ၊ စာဖတ်များသူများဖြစ်ကြသည်။ ထိုနိုင်ငံတို့တွင်
စာမဖတ်တတ်သေးသည့် ကလေးငယ်များအတွက်ပင် ကလေးများစိတ်ဝင်စားဖွယ် အရောင်အသွေးများ၊ ရုပ်ပုံများဖြင့်စာအုပ်များ
ထုတ်ဝေထားပြီး ကလေးများကို စာအုပ်များနှင့် ရင်းနှီးချစ်ခင်လာစေကြသည်။ ယင်းနောက်မှ
ကျောင်းနေစအရွယ်များအတွက်၊ စာဖတ်တတ်စအရွယ်များအတွက် စသည်ဖြင့် အရွယ်အလိုက်ဖတ်စရာစာအုပ်များကို
ကလေးများအတွက် စီစဉ်ထုတ်ဝေပေးကြသည်။ သို့ဖြစ်ရာ ကလေးအရွယ်မှစပြီး လူငယ်လူရွယ်ဖြစ်လာသည်အထိ
အရွယ်အလိုက် ဗဟုသုတများပြည့်စုံကြသလို ရုပ်ပိုင်းစိတ်ပိုင်းတို့တွင်လည်း ဖွံ့ဖြိုးလာကြသည်။
ယင်းသို့သောနိုင်ငံများမှာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုးသည့်အလျောက် နိုင်ငံကိုလည်း
မြင့်မားလာအောင် တည်ဆောက်နိုင်စွမ်းရှိကြသည်။
စာဖတ်ဝါသနာပါသူများကို
လေ့လာကြည့်လျှင် မိဘတစ်ဦးဦး သို့မဟုတ် မိသားစုအတွင်း စာဖတ်ဝါသနာပါသူတစ်ဦး ရှိနေခြင်းကို
အကြောင်းပြု၍ စာအုပ်များကိုလည်းကောင်း၊ စာဖတ်ခြင်းကိုလည်းကောင်း စိတ်ဝင်စားရာမှ စတင်လာသူများက
အများဆုံးဖြစ်သည်။ အတုမြင်အတတ်သင် ဆိုရိုးသဖွယ်ပင် ကောင်းသည့်အတုကို မြင်ခဲ့ကြရာမှ
ကောင်းသည့်အလေ့အထကို ရရှိခဲ့ကြခြင်းဖြစ်ပြီး စာဖတ်ဝါသနာစွဲမြဲလာပြီဆိုသည်နှင့် ဖတ်စရာစာအုပ်တို့ကို
မရရအောင် ရှာဖွေဖတ်ရှုကြခြင်းဖြစ်ရာ “စာဖတ်ပါ၊ စာဖတ်ပါ” ဟူ၍ တစာစာတိုက်တွန်းနေစရာပင်မလိုအောင်
စိတ်ရောကိုယ်ပါ အလိုလို ဆောင်ရွက်လာကြခြင်းဖြစ်သည်။ စာဖတ်ဝါသနာပါသူကို စာဖတ်ရန် အခြားသူတစ်စုံတစ်ဦးက
တိုက်တွန်းခြင်းမဟုတ်ဘဲ စာဖတ်သူကိုယ်တိုင်၏ သိလိုစိတ်နှင့် ရသကိုခံစားလိုစိတ်တို့ကသာ
အဓိကတိုက်တွန်းခြင်းဖြစ်သည်။
ယနေ့ခေတ်ကို စာအုပ်စာပေဖတ်ရှုမှု
လျော့နည်းကျဆင်းနေသည့်ခေတ်အဖြစ် ရှုမြင်ကြသည်။ စနစ်တကျ စစ်တမ်းကောက်ယူလေ့လာဆန်းစစ်မှုများ
ရှိမရှိမသိရသော်လည်း နိုင်ငံအတွင်းရှိ စာတတ်မြောက်သူလူဦးရေနှင့် လက်ရှိထုတ်ဝေလျက်ရှိသည့်
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့၏ အမျိုးအမည်နှင့် အရေအတွက်၊ ဖြန့်ချိလျက်ရှိသည့်စောင်ရေ၊
စာပေတိုက်များမှ ထုတ်ဝေရောင်းချလျက်ရှိသော စာအုပ်များ၏အုပ်ရေ စသည်တို့ကို အချိုးချနှိုင်းယှဉ်ကြည့်မည်ဆိုပါက
နည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ လူငယ်စာဖတ်သူများမှာ ပုံနှိပ်ထုတ်ဝေသည့် စာအုပ်များအစား
အွန်လိုင်းမှစာပေများသို့ ပြောင်းရွှေ့ဖတ်ရှုနေကြသည်ဟုဆိုလျှင်ပင် ဤအဆိုသည် လေ့လာဆန်းစစ်ရန်
လိုအပ်နေဦးမည်ဖြစ်သည်။
လူမျိုးတစ်မျိုးအနေဖြင့်
မိမိတို့လူမျိုးသည် စာတတ်ခြင်း၊ စာဖတ်ခြင်းတို့ကို ရှေးကတည်းကပင် တန်ဖိုးထားခဲ့သောလူမျိုးဖြစ်သည်။
“မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်” ဟူသော အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ၏
လက်သစ်တောင်တာဆုံးမစာမှာ ထင်ရှားသည့်သာဓကပင်ဖြစ်ရာ နှစ်ပေါင်းရာထောင်ချီ၍ စာနှင့် ပေနှင့်
ပျော်မွေ့ခဲ့ကြသည့် လူမျိုးတို့မှာ ပညာခေတ်တွင်မှ စာနှင့် ဝေးကြသည့်အဖြစ်မျိုးမဖြစ်ကြစေရန်
ငယ်စဉ်ဘဝကပင် စာဖတ်သည့်အလေ့အကျင့်ကို ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်
အိမ်တွင် အမိအဖတစ်ဦးဦးကလည်းကောင်း၊ ကျောင်းတွင် စာကြည့်တိုက်ကို မဖြစ်မနေအသုံးချလာစေရန်
အတွက်လည်းကောင်း စတင်ရန်လိုသည်။ ကလေးကိုယ်တိုင်ရွေးချယ်သည့်စာအုပ်ကို သူ့အလိုလိုစာဖတ်ချင်စိတ်ပေါ်လာစေရန်
လှုံ့ဆော်ပေးခြင်းသာဖြစ်ပြီး မဖြစ်မနေဖိအားပေးဖတ်စေခြင်းက စာအုပ်အပေါ် စိတ်ကုန်သွားစေမည်ဖြစ်သည့်
နည်းလမ်းမှားဖြစ်သွားနိုင်သည်။
ယခုအခါ နိုင်ငံအနှံ့တွင်
လှုပ်ရှားဆောင်ရွက်နေသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုသည် ပြည်သူများ စာဖတ်များလာပြီး
စာဖတ်သည့်လူမျိုးတိုးတက်၍ တိုးတက်သည့် လူမျိုးစာဖတ်စေရန်ဟူသော စေတနာကောင်းပင်ဖြစ်ပါသည့်အကြောင်း။
။

No comments:
Post a Comment