၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၃၃၆၇၃ ဦး အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံး၏ အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲသည် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ၏ အနာဂတ်အတွက် အလွန်အရေးပါသော အချိုးအကွေ့တစ်ခုဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှသာ
အဆင့်မြင့်တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ခွင့်ရရှိနိုင်ပြီး စာမေးပွဲတွင် ရရှိသည့်
အမှတ်စာရင်းအပေါ်မူတည်၍ မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ရွေးချယ်ခွင့်ရရှိခြင်းဖြစ်ရာ
တက္ကသိုလ်ဝင်စာမေးပွဲသည် အဆင့်မြင့်ပညာရေးသို့ ဆက်လက်ဝင်ရောက်နိုင်သည့် တံခါးပေါက်ပင်ဖြစ်သည်။
အလုပ်အကိုင်ရှာဖွေမှုတွင်လည်း လုပ်ငန်းခွင်အများစုက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုကို
အခြေခံပညာရေးအရည်အချင်းတစ်ခုအဖြစ် အသိအမှတ်ပြု တောင်းဆိုကြသည်။ ထို့အပြင် ကျောင်းသား
ကျောင်းသူတို့၏ ဘဝရည်မှန်းချက်အိပ်မက်များကို အကောင်အထည်ဖော်ရန် ပထမဆုံးခြေလှမ်းများပင်ဖြစ်သည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်
ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ် ၃၁ ရက်တွင်ကျင်းပရာ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ‘‘ထူးချွန်ကျောင်းသား
ကျောင်းသူများကို အလေးအနက်ထားမှာကြားလိုသည်မှာ မိမိတို့နိုင်ငံ၏ ရေမြေတောတောင်သဘာဝ
ပထဝီဝင်နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများကို
သေသေချာချာသိရှိအောင် လေ့လာစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊
တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာပြီး မှန်ကန်သည့် လုပ်ရပ်များနှင့်
နိုင်ငံကိုအကျိုးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်း အပြန်အလှန်လေးစားမှုရှိပြီး
မတူကွဲပြားမှုများကို အမျိုးသားရေးစွမ်းအားအဖြစ် ရှုမြင်သုံးသပ်နိုင်သည့် စိတ်ထားရှိအောင်
ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်သဖြင့် ပြောဆိုလုပ်ကိုင်မှုမှန်သမျှတွင်
သေသေချာချာစဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို
ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် မှာကြားလိုကြောင်း’’
ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့လူငယ် ကျောင်းသား
ကျောင်းသူများသည် နိုင်ငံတော်ကို အနာဂတ်တွင် တာဝန်ယူတည်ဆောက်သွားကြရမည့်သူများဖြစ်သည်။
အထူးသဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများသည် အဆင့်မြင့်ပညာရပ်များ
ဆက်လက်သင်ယူဆည်းပူးပြီး မိမိတို့ တတ်မြောက်ကျွမ်းကျင်သည့် ပညာရပ်များဖြင့် ကျရာကဏ္ဍအသီးသီးမှ
နိုင်ငံကိုဖန်တီးပုံဖော်သွားကြရမည့်သူများဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူများသည်
မည်သည့်ဘာသာရပ်ကို အထူးပြုသင်ယူကြသည်ဖြစ်စေ မိမိနိုင်ငံနှင့်ပတ်သက်သမျှတို့ကို ကောင်းမွန်စွာ
သိရှိနားလည်ထားကြရန်လိုသည်။ မိမိတို့၏ ရေမြေတောတောင်နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတို့ကို
ချစ်မြတ်နိုးကြရန်လိုပြီး နိုင်ငံနှင့်လူမျိုး၏ သမိုင်းကြောင်းကို မှန်ကန်စွာသိရှိနားလည်၍
ဂုဏ်ယူတတ်ရန်၊ သင်ခန်းစာယူတတ်ရန်လိုသည်။ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူများဖြစ်ကြရန်လည်းလိုသည်။
မိမိတို့နိုင်ငံသည်
လူမျိုးအများအပြား စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်ပြီး ဘာသာရေးကိုးကွယ်မှုကိုလည်း
လွတ်လပ်စွာခွင့်ပြုထားသည်။ သို့ဖြစ်ရာ မတူကွဲပြားမှုများ အတူယှဉ်တွဲတည်ရှိနေခြင်းဖြစ်သည့်အလျောက်
အပြန်အလှန်လေးစားကြရန်၊ အပြန်အလှန်နားလည်ကြရန်နှင့် အခက်အခဲနှင့် တွေ့ကြုံရသည့်အခါများတွင်
အချင်းချင်းရိုင်းပင်းကူညီကြရန်လိုသည်။ မတူကွဲပြားမှုများ စုပေါင်းနေခြင်းကို ခြားနားမှုအဖြစ်မရှုမြင်ဘဲ
အင်အားအဖြစ် ရှုမြင်ကြရန်လိုသည်။ အရောင်အသွေးစုံလင်သည့်ပန်းများ ဖူးပွင့်နေသည့် ဥယျာဉ်သည်
လှပတင့်တယ်သကဲ့သို့ မတူကွဲပြားမှုများဖြင့် အလှဆင်နိုင်သည့် စိတ်ထားကောင်းများ ကိန်းအောင်းကြရန်လိုသည်။
လူငယ်ဘဝ ကျောင်းသား
ကျောင်းသူများ ပညာသင်ယူဆည်းပူးကြခြင်းသည် အမှန်နှင့်အမှား၊ ကောင်းမှုနှင့်မကောင်းမှုတို့ကို
ဆင်ခြင်သုံးသပ် ခွဲခြားသိရှိနိုင်စွမ်း ရှိကြစေရန်အတွက်လည်းဖြစ်သည်။ အသိပညာအလိမ္မာနှင့်
ပြည့်စုံသူသည် မိမိ၏ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကို ဉာဏ်ပညာဖြင့် ထိန်းချုပ်နိုင်ကြသူများဖြစ်ပြီး
လောကကောင်းကျိုးကို ပညာဖြင့်ထမ်းပိုးသယ်ဆောင်သူများဖြစ်ကြသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတို့ဖြင့်
ဖုံးလွှမ်းနေသည့် အမိုက်မှောင်ကို ဉာဏ်ပညာအလင်းရောင်ဖြင့် ထွန်းလင်းတောက်ပစေကာ နိုင်ငံနှင့်
လူမျိုးတို့၏အကျိုးကို ဖော်ဆောင်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment