နေပြည်တော် စက်တင်ဘာ ၁၈
ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာကို ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများအတွက် လိုအပ်သည့် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးအပ်ပြီးဖြစ်၍ အကောင်အထည်ဖော် တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ယနေ့ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသကြီး မန်နေဂျာရုံး၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့ကျရာတာဝန်များကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိသည့် မိုဘိုင်းအော်ပရေတာများ၊ တာဝါနှင့် ပါဝါဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပြီး ရေကြီးရေလျှံမှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ကြိုတင်ကာကွယ် ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများကို အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပုသိမ်မြို့ရှိ ဆက်သွယ်ရေးစခန်းများ၊ မြန်မာ့စာတိုက်လုပ်ငန်းများ၊ ငွေဆောင်မြို့ရှိ ပင်လယ်ရေအောက်ဖိုက်ဘာကေဘယ်ဝင်ရောက်ရာ စခန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစဉ် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုမရှိစေရေးအတွက် ပင်မနှင့် အရန်ဆက်သွယ်ရေး ဆက်ကြောင်းများကို လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိရန်၊ စက်ပစ္စည်းများ၏ ဝန်အားနှင့် လိုက်လျောညီထွေစွာ လျှပ်စစ်စွမ်းအားကိုလည်း သင့်တင့်မျှတ နိုင်နင်းစွာ အသုံးပြုနိုင်ရေး စနစ်တကျတွက်ချက်အသုံးပြုသွားရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment