ဒေါက်တာယဉ်မျိုးမင်းထွေး
(မိုး/ဇလ)
လူသားတို့နေထိုင်ရာကမ္ဘာမြေကြီးသည် မြေထုချပ်အသီးသီးနှင့် ဖွဲ့စည်းတည်ဆောက်ထားပြီး အဆိုပါမြေထုချပ်များသည် အချိန်တိုင်းရွေ့လျားနေခြင်းကြောင့် ကမ္ဘာတစ်ဝန်းငလျင်များ အချိန်တိုင်း ငလျင်ဗဟိုချက်တည်နေရာ၊ ပမာဏတို့ မတူညီဘဲလှုပ်ရှားနေရခြင်း ဖြစ်ပါသည်။
ငလျင်လှုပ်ရှားမှု သက်ရောက်ခြင်းသည် နယ်နိမိတ်ကန့်သတ်ခြင်းမရှိဘဲ နယ်မြေချင်း ထိစပ် နေသော နိုင်ငံများအထိ သက်ရောက်နိုင်သကဲ့သို့ မြေထုချပ်တစ်ခုတွင် အင်အားပြင်းငလျင်ကြီးများလှုပ်ရှားပါက အဆိုပါမြေထုချပ်တွင် လှုပ်ရှားသောငလျင်၏အရှိန်ကြောင့် အခြားထိစပ်နေသည့် မြေထုချပ်များတွင်လည်း ငလျင်လှုပ်ရှားမှုဖြစ်ပေါ် နိုင်ပါသည်။ ငလျင်သည် အချိန်မရွေးဖြစ်ပေါ်နိုင်သော သဘာဝဘေးတစ်မျိုးဖြစ်၍ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပါသည်။
ကမ္ဘာမြေကြီးတွင် မြေထုချပ်ဟုခေါ်သော Plate များ တည်ရှိနေပြီး ယူရေးရှားမြေထုချပ်၊ မြောက်အမေရိကမြေထုချပ်၊ တောင်အမေရိက မြေထုချပ်၊ ပစိဖိတ်မြေထုချပ်၊ အာဖရိကမြေထုချပ်၊ အိန္ဒိယ-ဩစတြေးလျမြေထုချပ်၊ အန္တာတိကမြေထုချပ်၊ အာရေဗျမြေထုချပ်၊ ကာရေဗီယန်မြေထုချပ်၊ ကိုကိုးမြေထုချပ်၊ နက်ဇခါမြေထုချပ်၊ ဖိလစ်ပိုင်မြေထုချပ်နှင့် ဆိုမာလီမြေထုချပ်တို့ ပါဝင်ဖွဲ့စည်းထားပါသည်။
မြေထုချပ်များသည် အချိန်တိုင်းပုံမှန်ရွေ့လျားနေခြင်းဖြစ်ပြီး တစ်ခါတစ်ရံရွေ့လျားနေစဉ် အချိန်အတွင်း မြေထုချပ်များသည် ပြုတ်ကျသွားခြင်း၊ ချော်ထွက်သွားခြင်းများ ဖြစ်ပေါ်သည့်အခါ ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်ရပါသည်။ ထိုသို့ ငလျင်လှုပ်ရှားမှုတွင် ငလျင်ပမာဏ အနည်းအများအပေါ်မူတည်၍ အခြားဆက်စပ်မြေထုချပ်များအပေါ် သက်ရောက်မှုသည် အနည်းအများ ကွာခြားနိုင်ပါသည်။ သက်ရောက်မှုများပါက ဆက်စပ်မြေထု ချပ်၌ တည်ရှိသည့် နိုင်ငံများတွင်လည်းများသောအားဖြင့် ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့အချိန်များတွင် မလှုပ်ရှားသည်များလည်း ရှိနိုင်ပါသည်။
ငလျင်၊ ဆူနာမီနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏတွေ့ကြုံနေရသောနိုင်ငံများ
ပစိဖိတ်မီးကွင်း(Ring of Fire)ရှိ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့သည် နယ်နိမိတ်ဆက်စပ်နေသည့် နိုင်ငံများဖြစ်ပြီး အဆိုပါဒေသများသည် ငလျင်၊ ဆူနာမီနှင့် မီးတောင် ပေါက်ကွဲမှုများ မကြာခဏတွေ့ကြုံနေရသော နိုင်ငံများဖြစ်ပါသည်။ ပစိဖိတ်မီးကွင်း (Ring of Fire)သည် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ရှားမှုနှင့် မီးတောင်ပေါက်ကွဲမှု အများဆုံးဖြစ်ပွားရာဒေသ ဖြစ်ပြီးကမ္ဘာ့ငလျင်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် ဤနေရာတွင်လှုပ်ရှားခဲ့ပါသည်။
ပစိဖိတ်မီးကွင်းဒေသတွင် ငလျင်များ ပြင်းထန်စွာ လှုပ်ရှားရခြင်း၏ အဓိကအကြောင်းရင်းနှစ်ရပ်မှာ မြေထုချပ်ငုပ်လျှိုးဝင်ရောက်ခြင်းနှင့် ဘေးတိုက် ပြတ်ရွေ့များကြောင့် ဖြစ်ပါသည်။ ပစိဖိတ်မီးကွင်းဒေသ အနီးပတ်ဝန်းကျင်ရှိ အခြားမြေထုချပ်များ (ဥပမာ- မြောက်အမေရိက၊ ယူရေးရှား၊ အင်ဒို-သြစတြေးလျ)သည် အောက်သို့ အရှိန်ဖြင့်တိုးဝင် ငုပ်လျှိုးနေခြင်းကြောင့် ငလျင်များလှုပ်ရှားနေရပါသည်။
အချို့ဒေသများတွင် မြေထုချပ်များသည် အောက်သို့တိုးဝင်ခြင်းမရှိဘဲ ဘေးတိုက် ရွေ့လျားနေကြပါသည်။ ဥပမာ- အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ San Andreas Fault သည် ပစိဖိတ်မီးကွင်း၏ ဘေးတိုက်ပြတ်ရွေ့အဖြစ် ထင်ရှားပြီး အပျက်အစီးများသော ငလျင်ပြင်းအား အလယ်အလတ်နှင့် အထက်ရှိသည့်ငလျင်များ လှုပ်ရှားလေ့ရှိပါသည်။ ပစိဖိတ်မီးကွင်းဒေသတွင် မြေထုချပ်များ ရွေ့လျားမှုကြောင့် မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်သည်ကိုလည်း တွေ့ရပါသည်။
အဆိုပါဒေသတွင် လှုပ်ရှားသော ငလျင်အများစုသည် ပင်လယ်ရေအောက်ကြမ်းပြင်တွင် လှုပ်ရှားလေ့ရှိရာ မြေလွှာအထက်အောက် ရုတ်တရက်ရွေ့လျားသွားပါက ပင်လယ်ရေထုကို မြှောက်တင်လိုက်သကဲ့သို့ဖြစ်ပြီး ပြင်းထန်သော ဆူနာမီရေလှိုင်းကြီးများသည် ပစိဖိတ်သမုဒ္ဒရာ တစ်လျှောက် ရိုက်ခတ်စေပါသည်။
မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဟိမဝန္တာဒေသတို့သည် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ရှားမှုများပြီး ရှုပ်ထွေးသော မြေထုချပ်တိုးဝင်မှုများထိစပ်ရာ ဒေသတစ်ခုဖြစ်ပါသည်။ ဤဒေသ၏ ငလျင်လှုပ်ရှား မှု ဖြစ်ပေါ်ရခြင်းမှာ အိန္ဒိယမြေထုချပ် (Indian Plate)သည် ယူရေးရှားမြေထုချပ် (Eurasian Plate) နှင့် မြန်မာမြေထုချပ်ငယ် (Burma Micro-plate) တို့အောက်သို့ နှစ်စဉ်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ တိုးဝင်နေခြင်းတို့ကြောင့် ဖြစ်သည်။ ဟိမဝန္တာဒေသတွင် အင်အားပြင်းငလျင် ကြီးများ လှုပ်ရှားလေ့ရှိသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံ၏ ဘူမိဗေဒဆိုင်ရာ လက္ခဏာများအရ ငလျင်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေနိုင်သော သက်ရှင်ပြတ်ရွေ့များအနက် စစ်ကိုင်းပြတ်ရွေ့သည် ထင်ရှားသော အဓိကပြတ်ရွေ့ကြီးတစ်ခုဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့တွင် ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အိန္ဒိယမြေထုချပ်နှင့် ယူရေးရှားမြေထုချပ်တို့ တွန်းတိုက်တိုးဝင်နေမှုကြောင့် ဖြစ်ပါသည်။ စစ်ကိုင်းပြတ်ရွေ့တွင် လှုပ်ရှားသောငလျင်များသည် မြေအောက်ဗဟိုချက်အနက် တိမ်သောကြောင့် ပျက်စီးမှုများဖြစ်ပေါ်စေသော ငလျင်များကို လှုပ်ရှားနိုင်ပါသည်။
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ ကဘော်ပြတ်ရွေ့သည်လည်း သက်ရှင်ပြတ်ရွေ့တစ်ခုဖြစ်ပြီး မြေအောက်ဗဟိုချက်အနက် အလယ်အလတ်ရှိသော ငလျင်များ လှုပ်ရှားလေ့ရှိသည်ကို တွေ့ရပါသည်။ အိန္ဒိယမြေထုချပ်သည် မြောက်ဘက်သို့ တိုးဝင်နေမှုနှင့် အရှေ့ဘက်သို့ တိုးဝင်နေမှုတို့ ပေါင်းစပ်မိသည့် အတွက် အလွန်ရှုပ်ထွေးသော ဖိအားများကို ဖြစ်ပေါ် စေပြီး ၁၈၉၇ ခုနှစ်တွင် ပမာဏ ၈ ဒသမ ၃ (M) ခန့် နှင့် ၁၉၅၀ ပြည့်နှစ်တွင် ပမာဏ ၈ ဒသမ ၆ (M) တို့ ဖြင့် လှုပ်ရှားခဲ့သော အာသံငလျင်ကြီးများသည် ပျက်စီးမှုများရှိခဲ့ပြီး သမိုင်းဝင်အင်အားပြင်း ငလျင်ကြီးများ ဖြစ်ခဲ့ပါသည်။
မြေထုချပ်များသည် အချိန်တိုင်းရွေ့လျားနေခြင်းကြောင့် ကမ္ဘာတစ်ဝန်း ငလျင်များအချိန်တိုင်း လှုပ်ရှားနေရခြင်းဖြစ်ပါသည်။ ငလျင်လှုပ်ရှားမှုသည် အင်အားပြင်းထန်ပြီး အခြားသောမြေထုချပ်များနှင့် ဆက်စပ်နေပါက အဆိုပါဆက်စပ်နေသည့် မြေထု ချပ်တွင်လည်း လှုပ်ရှားမှုများဖြစ်ပေါ်နိုင်၍ ငလျင်လှုပ်ရှားမှု ဖြစ်ပေါ်နိုင်သည်ကို တွေ့ရသော်လည်း အချို့သောလှုပ်ရှားမှုများတွင် ဆက်စပ်၍ မဖြစ်ပေါ်နိုင်သည်များလည်းရှိပါသည်။ သို့ဖြစ်ပါ၍ မြေထုချပ်တစ်ခုတွင် ငလျင်လှုပ်ရှားတိုင်း အခြားသော မြေထုချပ်များအား မသက်ရောက်နိုင်ကြောင်းနှင့် ငလျင်၏ပြင်းအားနှင့် အခြားသော ဘူမိဆိုင်ရာအချက် အလက်များပေါ်တွင် မူတည်နေပါသည်။
ငလျင်သည် အခြားသော သဘာဝဘေးများကဲ့သို့ ဖြစ်လေ့ဖြစ်ထရှိသည့် အချိန်ကာလ ရာသီမရှိဘဲ အချိန်မရွေးဖြစ်ပေါ်နိုင်သော သဘာဝဘေး တစ်မျိုးဖြစ်ပြီး ကြိုတင်ခန့်မှန်း၍လည်း မရနိုင်သောကြောင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပြီး ငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။


No comments:
Post a Comment