Saturday, September 19, 2026

အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကြံ့ခိုင်ရေးနည်းပြသင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၈

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကြံ့ခိုင်‌ရေးနည်းပြသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် အားကစား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် Sports Fitness နှင့် Strength & Conditioning ဆိုင်ရာ အခြေခံသဘောတရားများသာမက အားကစားစွမ်းဆောင်ရည်များကို တိုးတက်စေရန် Fitness Assess-ment ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းများကို နည်းစနစ်နှင့် ပုံစံမှန်ကန်စွာ သင်ကြားပေးခြင်း၊ Training Load စီမံခန့်ခွဲခြင်း၊ Injury Prevention နှင့် Recovery တို့ကို လေ့လာခဲ့ကြကြောင်း၊ ယခုသင်တန်းမှရရှိခဲ့သည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို မိမိတို့တာဝန်ကျရာ နေရာများတွင် လက်တွေ့အသုံးချပြီး အခြားနည်းပြများနှင့် အားကစားသမားများကို ပြန်လည်မျှဝေပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

အဆိုပါ ကြံ့ခိုင်ရေးနည်းပြသင်တန်းကို စက်တင်ဘာ ၈ ရက် မှ ၁၈ ရက်အထိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ၁၁ ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၁၆ ဦး၊ သင်တန်း သူ ၁၉ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအပြီးတွင် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲနှင့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပိုက်ကျော်ခြင်း အားကစားအဖွဲ့များ စခန်းသွင်းလေ့ကျင့်နေမှု၊ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပီတန်းအားကစားအဖွဲ့ စခန်းသွင်းလေ့ကျင့်နေမှု၊ လက်ဝှေ့အားကစားအဖွဲ့ လေ့ကျင့်နေမှု၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့ လေ့ကျင့်နေမှု၊ ခြင်းလုံးအားကစားအဖွဲ့ လေ့ကျင့်နေမှုတို့ကို သွားရောက်ကြည့်ရှုသည်။

ထိုသို့ သွားရောက်စဉ် အားကစားအဖွဲ့များအနေဖြင့် အားကစားနည်းများအလိုက် လေ့ကျင့်မှုများပြုလုပ်ရာတွင် မိမိတို့၏ အားနည်းချက်၊ အားသာချက်များကို ပြုပြင်ပြောင်းလဲ၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားလေ့ကျင့်သွားရန် တိုက်တွန်းမှာကြားပြီး အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် တင်ပြချက်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment