Monday, August 17, 2026

စက်တင်ဘာ ၁ ရက်မှစ၍ ဝိုင်ဘီအက်စ်ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့်ကြေညာချက်အား YRTC ပြန်လည်ပယ်ဖျက်

 


ရန်ကုန် သြဂုတ် ၁၆

ယာဉ်ပြင်ဆင်ထိန်းသိမ်းစရိတ် ကြီးမြင့်လာခြင်းကြောင့် ဝိုင်ဘီအက်စ်ယာဉ်စီးခနှုန်းထားများကို စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အား ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

“၂၀၂၆ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ဝိုင်ဘီအက်စ် ခရီးသည်တင်ယာဉ်စီးခကို စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးမြှင့်ရန်ကြေညာခြင်းအား သြဂုတ် ၁၆ ရက်မှ ပြန်လည်ပယ်ဖျက်လိုက်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် ကြေညာအပ်ပါသည်” ဟု YRTC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သြဂုတ် ၁၄ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ YRTC ရုံးချုပ်၌ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် လာမည့်စက်တင်ဘာ ၁ ရက်မှစတင်၍ ဝိုင်ဘီအက်စ်ယာဉ်စီးခနှုန်းထားများအား လက်ရှိ ကျပ် ၂၀၀ ကောက်ခံမှုအစား ငွေကျပ် ၃၀၀ သို့လည်းကောင်း၊ လက်ရှိ ငွေကျပ် ၄၀၀ ကောက်ခံမှုအစား ငွေကျပ် ၆၀၀ သို့လည်းကောင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း၊ YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တစ်ပြိုင်တည်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း YRTC က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုလိုထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်က ပြည်သူ့အသံနားထောင်ပြီးတော့ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်၊ အခက်အခဲမရှိအောင်လို့ ယာဉ်စီးခတိုးကောက်မယ့်အစီအစဉ်ကို ပြန်လည်ပယ်ဖျက်ခိုင်းတာဖြစ်ပါတယ်” ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ဝိုင်ဘီအက်စ်ယာဉ်စီးခနှုန်းထားများမှာ ရန်ကုန်မြို့တွင်း (Downtown) ဧရိယာအတွင်း ငွေကျပ် ၂၀၀၊ အခြားရန်ကုန်မြို့ပြင်နှင့် ဆင်ခြေဖုံးဒေသ ငွေကျပ် ၄၀၀ နှုန်းဖြင့် ၂၀၂၁ ခုနှစ်မှ လက်ရှိကာလအထိ ကောက်ခံလျက်ရှိကြောင်း၊ YRTC ၏ ကြီးကြပ်မှုအောက်တွင် ဝိုင်ဘီအက်စ်ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ စာရင်းရှိ ယာဉ်လိုင်း ၁၄၅ လိုင်း၊ စာရင်းရှိယာဉ်စီးရေ ၅၃၉၉ စီးရှိပြီး နေ့စဉ်ပြေးဆွဲယာဉ်လိုင်း ၁၃၄ လိုင်း၊ ယာဉ်စီးရေ ၃၃၀၀ ခန့်ဖြင့် ခရီးသည် ၁ ဒသမ ၈ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ကိုထက်

No comments:

Post a Comment