Monday, August 17, 2026

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောအသင်း ပြိုင်ပွဲသုံးခု ပါဝင်ယှဉ်ပြိုင်မည်

 


ရန်ကုန် ဩဂုတ် ၁၆

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) တွင် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းအနေဖြင့် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်းနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲစသည့် အမျိုးအစားသုံးခု၌ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်သည် လက်ရှိတွင် လက်ရွေးစင်ကစားသမားများကို ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများအလိုက် ကစားသမားများ၏ နည်းဗျူဟာ၊ ခြေစွမ်း၊ နည်းစနစ်နှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု (Physical Fit-ness) တို့ကို အဓိကထား၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်မှ သိရသည်။

ထို့ပြင် ကစားသမားများ၏ ပြိုင်ပွဲအတွေ့အကြုံနှင့် စိတ်ဓာတ်ရေးရာကြံ့ခိုင်မှုများ ပိုမိုရရှိစေရန်အတွက် နည်းပြများက စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံ Aichi-Nagoya ၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုး၊ ဓာတ်ပုံ-MTF

No comments:

Post a Comment