Tuesday, August 11, 2026

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Telematic စနစ် တပ်ဆင်စောင့်ကြည့် Telematic စနစ်တပ်ဆင်ထားသော ကုန်တင်ယာဉ် ၂၅၁၄ စီး၊ ခရီးသည်တင်မှန်လုံယာဉ် ၃၁၈၄ စီးရှိ



နေပြည်တော် ဩဂုတ် ၁၀

၂၀၂၆ ခုနှစ် ဇူလိုင်လအထိ Telematic စနစ်တပ်ဆင်ထားသော ကုန်တင်ယာဉ် ၂၅၁၄ စီး၊ ခရီးသည်တင်မှန်လုံယာဉ် ၃၁၈၄ စီးရှိပြီး ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် Telematic စနစ် တပ်ဆင် ပြီး စောင့်ကြည့်ထိန်းသိမ်းခြင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ETC စနစ်ကိုလည်း RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲလျက်ရှိရာ အသုံးပြုသူများအနေဖြင့် Toll Pass Mobile Application နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ရန်ကုန်- မန္တလေးလမ်းမကြီးပေါ်ရှိ တိုးလ်ဂိတ်ခြောက်ဂိတ်တွင် တပ်ဆင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မကြာမီအသုံးပြုနိုင်တော့မည်ဖြစ်သည်။

အဆိုအပါ Toll Pass RFID စနစ်ပြီးစီးပါက မော်တော်ယာဉ်များ တိုးလ်ဂိတ်တွင် ရပ်တန့်စရာမလိုဘဲ Freeflow ဖြတ်သန်းနိုင်ခြင်း၊ အချက်အလက်များ ပိုမိုတိကျမှန်ကန်စွာ စုဆောင်းနိုင်ပြီး ငွေသားဖြင့် ပေးဆောင်ရန်မလိုအပ်တော့သဖြင့် လေလွင့်ဆုံးရှုံးမှုများ ပပျောက်ကာ Cashless စနစ်သို့ ပြောင်းလဲနိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးရှိ လမ်းအသုံးပြုခ ကောက်ခံနေသည့် တိုးလ်ဂိတ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာ နေပြည်တော်တိုးလ်ဂိတ်၌ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်၌ ပုံမှန်သွားလာလျက်ရှိသော ခရီးသည်တင်မှန်လုံယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့် စည်းကမ်းတကျ မောင်းနှင်စေရေးအတွက် Telematic စနစ်တပ်ဆင် ထားပြီး မော်တော်ယာဉ်များကို စောင့်ကြည့်ထိန်းသိမ်းခြင်းအခြေအနေ၊ ယခင်အသုံးပြုနေသည့် Electronic Toll Collection (ETC) စနစ်ကိုလည်း RFID (Radio Frequency Identification Device) စနစ်ဖြင့် လမ်းအသုံးပြုခပေးချေသည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲလျက်ရှိပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်လမ်းပိုင်း) ရှိ တိုးလ်ဂိတ်သုံးဂိတ်တွင် တပ်ဆင်စမ်းသပ်ဆောင်ရွက်မှုအခြေအနေနှင့် ၁၁၅ မိုင် (ဖြူး) တိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment