ကိုယဉ်ချစ်(မန္တလေး)
လူငယ်များသည် အနာဂတ်နိုင်ငံတော်နှင့် လူမျိုးအတွက် တန်ဖိုးမဖြတ်နိုင်သော အရင်းအနှီးများဖြစ်ကြသည်။ လူငယ်များ၏ စွမ်းရည်၊ စွမ်းပကားများက နိုင်ငံတော်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သည်။
လူငယ်များသည်
နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းလေ့လာလိုခြင်း၊ ရဲရင့်ခြင်း၊ ဖန်တီးနိုင်
သော စွမ်းအားများရှိခြင်း၊ သင်ယူတတ်မြောက်လွယ်ခြင်း စသည့်အရည်အချင်းကောင်းများကို ပိုင်ဆိုင်ထားကြသည်။
ဤအရည်အချင်းကောင်းများကို မှန်ကန်စွာ အသုံးချနိုင်ရေးအတွက် ထိန်းကျောင်းတည့်မတ်ပေးကြရန်
လိုပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အနာဂတ်နိုင်ငံကို တည်ဆောက်ကြ မည့် လူငယ်များကဏ္ဍကို
အလေးထားဆောင်ရွက်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍအား
အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ကမ္ဘာတစ်ဝန်း လူငယ် များ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊
အခက်အခဲများကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိနားလည်ကာ လိုအပ်သည့်မူဝါဒ၊ မဟာဗျူဟာများ
ရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်ရန် အတွက် လည်းကောင်း သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို နိုင်ငံ တကာ အသိုက်အဝန်းများ၏ အာရုံစူးစိုက်မှု ရရှိစေရန်နှင့်
ယနေ့ခေတ် ကမ္ဘာ့လူ့အဖွဲ့အစည်းများတွင် မိတ်ဖက်များအဖြစ် လူငယ်များ၏ စွမ်းဆောင်ရည်များနှင့်
ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြု ကျင်းပခြင်းဖြစ်သည်။ လူငယ်များအနေဖြင့် မိမိမွေးဖွားရာ
နိုင်ငံ၏ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဥပဒေ ရေးရာကိစ္စရပ်များကို အာရုံစိုက်လာစေရန်လည်း
ဖြစ်သည်။
အနာဂတ်ကမ္ဘာကြီးကို
တည်ဆောက်
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို
နှစ်စဉ်ဆောင်ပုဒ်များ ချမှတ်ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် ၏ ဆောင်ပုဒ်မှာ “
Different Contents , Common Aspirations ” “နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား”
ဟူ၍ ဖြစ်သည်။ လူသားတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာ
အခြေခံမတူညီကြသည့် လူနေမှုပုံစံများအရ ဆင်းရဲချမ်းသာမှု၊ တိုးတက် ဆုတ်ယုတ် မှုများလည်း
ကွဲပြားခြားနားကာ ဘဝများကို ရပ်တည်ရှင်သန်နေကြရသည်။ မည်သို့ကွဲပြားခြားနားသည်ဖြစ်စေ
လူငယ်များသည် အနာဂတ်ကမ္ဘာကြီးကို ဖန်တီးမည့်သူများဖြစ်သည်။ လူငယ်များ၏ စွမ်းရည်စွမ်းအားများဖြင့်
သာယာဝပြောသည့် လူ့ဘောင်ကို တည်ဆောက်သွားကြရမည်ဆိုသည့် အသိကို တူညီစွာ ထားရှိကြပြီး
လူငယ်ထု၏ စွမ်းအားများဖြင့် အနာဂတ်ကမ္ဘာကြီးကို တည်ဆောက်သွားကြရပါမည်။
မိမိတို့နိုင်ငံတွင်လည်း
နိုင်ငံတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လူငယ် များ၏
စွမ်းအားဖြင့် တည်ဆောက်ကြရမည်ဆိုသည့်အသိဖြင့် လူငယ်များက တက်ကြွစွာ ပူးပေါင်းပါဝင်
ဆောင်ရွက်ကြရပါမည်။ လူငယ်ဘဝတွင် နိုင်ငံနှင့် လူမျိုး၏ကောင်းကျိုးများ မည်မျှ ဆောင်ရွက်နိုင်ခဲ့
သည်ကို သမိုင်းသက်သေထူထားခဲ့ရန် လိုအပ် ပါသည်။
မျက်မှောက်ကမ္ဘာကြီး၌
လူဦးရေရှစ်ဘီလီယံကျော်ထဲတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်လူဦးရေက ၁ ဒသမ ၂ ဘီလီယံကျော်ရှိကြောင်း
သိရသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ လူဦးရေစုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းသည် လူငယ်များဖြစ်သည်။
မြန်မာနိုင်ငံတွင်
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်မှ ၃၄ နှစ်အတွင်း လူငယ် လူဦးရေမှာ ၁၆ ဒသမ
၈၉ သန်းရှိပြီး နိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၂ ဒသမ ၆၉ ရာခိုင်နှုန်းကျော်ရှိသည် ဟု သိရသည်။
နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသော လူငယ်များ၏အင်အားဖြင့် နိုင်ငံတော်၏ အနာဂတ်ကို
တည်ဆောက်သွားနိုင်သည့် အခွင့်အလမ်းကို ပိုင်ဆိုင်ထားခြင်းသည် မိမိတို့နိုင်ငံအတွက်
ထူးခြား သည့် အခြေအနေတစ်ရပ်ဖြစ်သည်။
လူငယ်များတွင်
အရည်အချင်းကောင်းများ ပိုင်ဆိုင်ထားကြသကဲ့သို့ အားနည်းချို့ယွင်းချက် များလည်း ရှိနေသည်။
အရည်အချင်းကောင်းများကို လေ့ကျင့်မွေးမြူ၍ အားနည်းချို့ယွင်းချက်များကို တည့်မတ် ပြုပြင်ပေးကြရပါမည်။
နိုင်ငံတော်၏ အနာဂတ်သည် လူငယ်များအပေါ် အခြေခံနေသည် ဖြစ်ရာ နိုင်ငံတော်၊ မိဘ၊ ဆရာများနှင့်
ပတ်ဝန်းကျင် များပူးပေါင်း၍ လူငယ်များကို စနစ်တကျ မှန်မှန် ကန်ကန် ပြုစုပျိုးထောင်ပေးနိုင်မှသာ
နိုင်ငံတော်၏ အနာဂတ် သာယာလှပမည်ဖြစ်ပါသည်။
လူငယ်ရေးရာ
မူဝါဒဆိုသည်မှာ
နိုင်ငံတော်အနေဖြင့်
လူငယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံနှင့် ပြည်သူတို့
အကျိုးပြုနိုင်မည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန် လူငယ်ရေးရာမူဝါဒများ ချမှတ်
အကောင်အထည်ဖော်လျက်ရှိသည်။ လူငယ်ရေးရာ မူဝါဒဆိုသည်မှာ နိုင်ငံအတွင်းရှိ လူငယ်များ၏
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုစသည့် အနာဂတ်အလားအလာကောင်း
များကို ဖြည့်ဆည်းပေးနိုင်မည့် မဟာဗျူဟာ လမ်းညွှန်ချက်ဖြစ်သည်။ လူငယ်များအတွက် လိုအပ် နေသည့် လူသားအရင်းအမြစ်နှင့် ဝန်ဆောင်မှုများကို
သန္နိဋ္ဌာန်ချဆောင်ရွက်ပေးနိုင်ရန် စနစ်တကျ ဖော်ညွှန်းထားသည့် မူဝါဒတစ်ခုဖြစ်သည်။
၂၀၂၂ ခုနှစ် ဇွန်လ
၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီကို ပြင်ဆင် ဖွဲ့စည်းခဲ့ ပြီး မြန်မာနိုင်ငံလူငယ်ရေးရာ
လုပ်ငန်းကော်မတီများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာကော်မတီများကို
ဖွဲ့စည်းတာဝန်ပေးအပ်၍ လူငယ်မျိုးဆက်သစ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ မဟာဗျူဟာနှင့်
လုပ်ငန်းအစီအမံများ ရေးဆွဲအကောင်အထည်ဖော် လျက်ရှိသည်။
လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်
ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်
ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် လိုအပ်သည့် အရင်း အမြစ်များ၊ ပံ့ပိုးမှုများ၊ ဝန်ဆောင်မှုများကို
စနစ်တကျဖော်ညွှန်းထားသော မူဘောင်တစ်ခုဖြစ်သည့် လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။
ထိုမူဝါဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လူငယ်ရေးရာ မူဝါဒဆိုင်ရာ
အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀- ၂၀၂၄) ကိုလည်း အတည်ပြုပြဋ္ဌာန်းပေးခဲ့သည်။
လူငယ်ရေးရာမူဝါဒ၌
လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အဓိကကဏ္ဍ ၁၆ ရပ်အဖြစ် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊
မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် ဘေးအန္တရာယ်များကဏ္ဍ၊ အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ၊
အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ၊
သုတေသနကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍ၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကဏ္ဍ၊
ကျား၊ မ တန်းတူညီမျှ မှုကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတို့
ပါဝင်သည်။
ထိုကဏ္ဍများကို
ခေတ်စနစ်နှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်သည့်ဝန်ကြီးဌာနများ၊
နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ လူငယ်ရေးရာကော်မတီများ၊
မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ
လူငယ်ရေးရာဗဟိုကော်မတီက ဦးဆောင်၍ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ အစီအမံများ ဖြစ်သည့် လူငယ်လေ့လာရေးအစီအစဉ်၊
လူငယ်နှီးနှောဖလှယ်ရေးအစီအစဉ်၊ လူငယ်စကားဝိုင်းများ၊ လူငယ်စာဖတ်ဝိုင်းများ၊ လူငယ်စေတနာ့ဝန်ထမ်းအစီအစဉ်များ၊
လူငယ် ခေါင်းဆောင်မှုအစီအစဉ်များ၊ အားကစားပြိုင်ပွဲများ၊ နွေရာသီအားကစားသင်တန်း များ၊
လူမှုအကျိုးပြုအစီအစဉ်များ၊ လူငယ်နှင့် စာပေအနုပညာပွဲတော်များ၊ လူငယ်စုံညီပွဲတော်များ၊
လူငယ်တွေ့ဆုံပွဲများ၊ အာဆီယံနှင့် ဒေသတွင်း လူငယ်ဆိုင်ရာ နိုင်ငံတကာအစည်းအဝေးများ၊
လူငယ်ဖိုရမ်များ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားများ၊ အလုပ်အကိုင်
ပြပွဲများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ
ဖွင့်လှစ် ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်က လူငယ်များအတွက် ဘက်ပေါင်းစုံမှ အစီအမံများ
ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ လူငယ်များအနေဖြင့်လည်း အနာဂတ်နိုင်ငံတော်ကြီး
တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မိမိတို့စွမ်းအားများဖြင့်
ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြ ရပါမည်။ ယင်းသို့ဆောင်ရွက်ကြရာတွင် ကိုယ်ကျင့်တရားကောင်းမွန်ရေး၊
အသိပညာ အတတ်ပညာ တတ်မြောက်ရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် မွေးမြူရေးနှင့် မိမိတို့၏စွမ်းအားများကို
မှန်ကန်စွာအသုံးချ တတ်ရေးတို့သည် အခြေခံကျသည့် လုပ်ငန်းများ ဖြစ်သည်။
ကိုယ်ကျင့်တရားကောင်းမွန်ရေးသည်
အရေးပါသည့် စွမ်းအင်တစ်ရပ်ဖြစ်
ကိုယ်ကျင့်တရားကောင်းမွန်ရေးသည်
အရေးပါသည့် စွမ်းအင်တစ်ရပ်ဖြစ်သည်။ အသိပညာ၊ အတတ် ပညာ၊ ဥစ္စာဓနများ မည်မျှပင်ပြည့်စုံစေကာမူ
ကိုယ်ကျင့်တရားပျက်ယွင်းပါက မှန်ကန်သည့် ပြည့်စုံမှုမျိုးမဖြစ်နိုင်ပါ။ ကိုယ်ကျင့်တရားသည်
ကိုယ်တိုင်ကျင့်ကြံအားထုတ်ရသည်ဖြစ်၍ လူငယ် တိုင်းက မိမိကိုယ်မိမိ လေ့ကျင့်ပျိုးထောင်နေကြရပါမည်။
ပညာတတ်မြောက်မှုသည်
တစ်ဦးချင်းစီ၏ လူနေမှုအဆင့်အတန်းကို ဖော်ညွှန်းပါသည်။ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်
နိုင်ငံတော်ကြီးကို ပညာတတ်များဖြင့် တည်ဆောက်နိုင် မှသာ လျင်မြန်စွာ တိုးတက်နိုင်ပါမည်။
လူငယ်များသည် အသိပညာ၊ အတတ်ပညာများအပြင် ခေတ်နှင့်အညီ နည်းပညာရပ်များကိုလည်း သင်ယူလေ့လာကြပြီး
မိမိတို့ဘဝ တိုးတက်အောင်မြင်အောင် ကြိုးစားကြရပါမည်။
မျိုးချစ်စိတ်၊
နိုင်ငံချစ်စိတ်သည် နိုင်ငံသားတိုင်းထားရှိရမည့် ခံယူချက်ဖြစ်ပါသည်။ လူငယ်ဘဝ ကတည်းက
မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ကိန်းအောင်းနေစေရန် လေ့ကျင့်ပျိုးထောင်ကြရပါ မည်။
မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ခေါင်းပါးလာပါက နိုင်ငံနှင့်လူမျိုး ကွယ်ပျောက်သွားနိုင်သည်အထိ
အန္တရာယ်ရှိသည်ကို အထူးသတိပြုကြရပါမည်။
လူငယ်များတွင်
ပိုင်ဆိုင်ထားပြီး အရည်အချင်းကောင်းများနှင့် စွမ်းအားများကို ပေါင်းစပ်အသုံးချ ပါက
တိုးတက်အောင်မြင်မှုများ ရရှိနိုင်ပါမည်။ လူငယ်စွမ်းအားများကို မှန်ကန်စွာအသုံးချတတ်ရန်
နှင့် တလွဲအသုံးမချမိစေရန် အသိတရားဖြင့် ထိန်းချုပ်လုပ်ကိုင်ကြရပါမည်။
အလုပ်တိုင်းတွင်
ကောင်းကျိုးနှင့် ဆိုးကျိုးတို့သည် ဒွန်တွဲတည်ရှိနေတတ်ပါသည်။ လူငယ်များ သည် ကောင်းကျိုးနှင့်ဆိုးကျိုးများကို
ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ရှိရန် လိုအပ်ပါသည်။ အများ အကျိုးကို သယ်ပိုးလိုစိတ်၊
နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ နိုင်ငံနှင့်လူမျိုး၏အကျိုးကို ထိပါး လာမည့်
မည်သည့်အန္တရာယ်မျိုးကိုမဆို ကာကွယ်စောင့်ရှောက်လိုစိတ်၊ အမှန်အမှားကို ခွဲခြားတတ်ပြီး
အမှန်တရားကို ချစ်မြတ်နိုးစိတ်များကို မွေးမြူ၍ လုပ်သင့်သည့် အလုပ်များကိုသာ ရွေးချယ်လုပ်ကိုင်
သွားကြရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်
အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့် လူငယ်များသည် အသက်အရွယ်၊ နေထိုင်ရာဒေသ၊
မျိုးနွယ်စု၊ ပညာတတ်မြောက်မှု စသည့် နောက်ခံ အကြောင်းအရာများ မတူညီကြပါ။ နောက်ခံများ
မတူညီကြသော်လည်း လူငယ်များတွင် ရှိထားပြီး အရည်အချင်းကောင်းများ၊ စွမ်းအားများကိုအသုံးချ၍
နိုင်ငံနှင့်လူမျိုးအကျိုးအတွက် တူညီသော ရည်မှန်းချက်များဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ
ထမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment