ရန်ကုန် ဩဂုတ် ၂၄
လတ်တလော Social Media ပေါ်တွင် ရေပန်းစားလာသည့် အာလဝံအင်း ဖောင်စီးခရီးစဉ်သည် သဘာဝအလှအပများကိုခံစားရင်း စိတ်လက်အပန်းဖြေအနားယူနိုင်သည့် ခရီးစဉ်တစ်ခုအဖြစ် ခရီးသွားဝါသနာရှင်များအကြား စိတ်ဝင်စားမှုမြင့်တက်လာနေကြောင်း Tourism Hpa-An မှ သိရသည်။
အာလဝံအင်းဖောင်စီးခရီးစဉ်တွင် ရသေ့ပျံဂူ၏သဘာဝအလှအပများကို လေ့လာ ခံစားနိုင်သည့်အပြင် အင်းအတွင်းဖောင်စီးကာ အေးချမ်းသည့်သဘာဝပတ်ဝန်းကျင်ကို ခံစားနိုင်ပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်သည့် အပန်းဖြေခရီးစဉ်တစ်ခုဖြစ် ကြောင်း သိရသည်။
အာလဝံအင်း ဖောင်စီးခရီးစဉ်သည် Social Media များတွင် ဓာတ်ပုံနှင့် ဗီဒီယိုများ မျှဝေဖော်ပြမှု များပြားလာခြင်းကြောင့် လာရောက်လည်ပတ်လိုသူများ၏ စိတ်ဝင်စားမှုကို ပိုမိုရရှိလာခြင်းဖြစ်သည်။
ဖောင်တစ်စီးလျှင် လူခုနစ်ဦးအထိ စီးနင်းနိုင်ပြီး နေ့စဉ်နံနက် ၆ နာရီမှ စတင်ကာ ဖောင်စီးနိုင်ကြောင်းနှင့် ရိုးရိုးဖောင်တစ်စီးလျှင် ငွေကျပ် ၃၅၀၀၀၊ အမိုးပါ ဖောင်တစ်စီးလျှင် ငွေကျပ် ၄၅၀၀၀ သတ်မှတ်ထားသည်။
ထို့ပြင် ကရင်ပြည်နယ် ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် သဘာဝအလှအပများနှင့် အပန်းဖြေလည်ပတ်နိုင်သည့် နေရာများစွာရှိခြင်းကြောင့် လတ်တလောတွင် ဘားအံဒေသသို့ သွားရောက်လည်ပတ်လိုသူများ၏ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာကြောင်းသိရပြီး အထူးသဖြင့် Social Media များတွင် ရေပန်းစားနေသည့် အာလဝံအင်း ဖောင်စီးခရီးစဉ်နှင့် ရသေ့ပျံဂူတို့သည် သဘာဝအလှအပများကိုခံစားရင်း အပန်းဖြေအနားယူနိုင်သည့် နေရာများအဖြစ် ခရီးသွားများ၏ စိတ်ဝင်စားမှုရရှိလာနေကြောင်း သိရသည်။
MT

No comments:
Post a Comment