ရန်ကုန် ဩဂုတ် ၁၂
၂၀၂၆ ခုနှစ် ဩဂုတ် ၄ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ISTAF WORLD SEPAKTAK- RAW CHAMPIONSHIP ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု တစ်ခု၊ ငွေတံဆိပ်ဆု သုံးခု စုစုပေါင်းဆုတံဆိပ် လေးခု ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အရှေ့တောင်အာရှနှင့်
အာရှနိုင်ငံများမှ ပိုက်ကျော်ခြင်းအားကစားသမားများ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအဖွဲ့ခေါင်းဆောင်
ဦးသန်းလွင် ဦးဆောင်ပြီး အမျိုးသားအသင်းနည်းပြများအဖြစ် ဦးကျော်မင်းစိုး၊ ဦးထက်ဇော်၊
အမျိုးသမီးအသင်းနည်းပြများအဖြစ် ဦးအောင်ချိုမြင့်၊ ဒေါ်နန့်ယဉ်ယဉ်မြင့်နှင့်
အမျိုးသား၊ အမျိုးသမီး အားကစားသမား ၂၄ ဦး၊ စုစု ပေါင်းအင်အား ၂၉ ဦးတို့သည်
ပြိုင်ပွဲအမျိုးအစားပေါင်း ခြောက်မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည်
အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းအသင်းနှင့်
အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ ပထမ (ရွှေတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင်
ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ (ငွေတံဆိပ်) ဆုကိုလည်းကောင်း၊
အမျိုးသမီးနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းနှင့်
ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ (ငွေတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင်
ထိုင်းအသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ (ငွေတံဆိပ်) ဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွက်
စုစုပေါင်းရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်သုံးခုတို့ကို ထိုက်ထိုက်တန်တန်
ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည်
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ
အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)
မှ ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊
ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုး၊
မိတ်သင်္ဂဟများက ဂုဏ်ပြုပန်းစည်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment