“နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-I) ၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူ၊ ပြခန်းတာဝန်ခံ၊ ထူးချွန်ဆုရရှိသူ၊ လူငယ်ကိုယ်စားလှယ်များ၏ စကားသံများကို ဖော်ပြလိုက်ရပါသည် -
မသော်တာဦး (ထူးချွန်ဆုရရှိသူ)
ကျွန်မက ဂျပန်နိုင်ငံမှာကျင်းပတဲ့ (၂၇) ကြိမ်မြောက် အထက်တန်းကျောင်းသားများ အနုပညာပွဲတော်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့တဲ့အတွက်ကြောင့် အခုလို လူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားမှာ ဖိတ်ကြားလို့ ပါဝင်တက်ရောက်တာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အခုလို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ပထမဆုံးအနေနဲ့ တက်ရောက်ရတာဖြစ်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ တခြားပွဲတွေတော့ တက်ရောက်ဖူးပါတယ်။ ဒါပေမဲ့ အခုက သမ္မတကြီးကိုယ်တိုင် ပေးအပ်တဲ့ဆုကို လက်ခံရယူရတာမို့ ရင်ထဲမှာ အတိုင်းမသိဝမ်းသာပျော်ရွှင်မိပါတယ်။ လူငယ်တွေထဲမှာ ကျွန်မထက်တော်တဲ့လူငယ်တွေ အများကြီးရှိပါတယ်။ လူငယ်တွေအနေနဲ့ ဇွဲမလျှော့ဘဲ အမြဲကြိုးစားကြဖို့ တိုက်တွန်းအကြံပြုချင်ပါတယ်။
မောင်သူရဟိန်းထက် (ကယားပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်)
ကျွန်တော်တို့ လူငယ်တွေအတွက် အခုလိုပွဲတွေ စီစဉ်ပေးတဲ့အခါမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအတွက် လူငယ်ကွန်ရက်တစ်ခု တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေရဲ့ မတူညီတဲ့အတွေးအခေါ်တွေ၊ အယူအဆတွေ၊ အခက်အခဲတွေကို အချင်းချင်းဖလှယ်လာနိုင်မယ်။ အခုလို လူငယ်တွေကို ဦးစားပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့လူငယ်တွေရဲ့အသံကို နိုင်ငံတော်အဆင့်ထိရောက်အောင် ဖော်ထုတ်နိုင်မယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်တို့လူငယ်တွေရဲ့ leadership skill တွေ၊ communication skill တွေလည်း ကောင်းလာမှာဖြစ်ပါတယ်။ အပြော သက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်နိုင်တဲ့စိတ်ဓာတ်တွေကို ပိုင်ဆိုင်လာမယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ လူငယ်တွေအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။ ကိုယ်တိုင်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မဆုတ်မနစ်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်၊ ကိုယ့်ရဲ့ပန်းတိုင် ရောက်ရှိလာဖို့ ကြိုးစားကြစေလိုပါတယ်။
မလွန်းငမ်းညောင် (ချင်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်)
ဒီနေ့အခမ်းအနားကို ပါဝင်တက်ရောက်တဲ့အခါ မတူညီတဲ့တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ သူတို့ဒေသတွေကနေ ထွက်ပေါ်လာတဲ့ စွန့်ဦးတီထွင်မှုပိုင်းဆိုင်ရာတွေကို လေ့လာခွင့်ရတယ်။ လူငယ်တစ်ယောက်အနေနဲ့ အကျိုးကျေးဇူးတွေ အများကြီးရရှိပါတယ်။ ကျွန်မအနေနဲ့ လူငယ်အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်။ ဒီနေ့ ၂၁ ရာစုမှာ လူငယ်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ လူငယ်တွေအတွက် ရရှိနိုင်မယ့်အခွင့်အလမ်းတွေ အကြောင်းကို ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးကဏ္ဍကို အဓိကထား ဆောင်ရွက်ပေးသင့်တယ်လို့ထင်ပါတယ်။ လူငယ်ဆိုတာ အနာဂတ်ရဲ့ အရင်းအမြစ်တွေဖြစ်တာမို့ တက်တက်ကြွကြွ စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြမယ်ဆိုရင် ကျွန်မတို့နိုင်ငံက ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာမယ် လို့ ယုံကြည်ပါတယ်။
မမြမဉ္ဇူလှိုင် (ကယားပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်)
ဒီနေ့အခမ်းအနားမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ သူငယ်ချင်းအသစ်တွေ တွေ့ဆုံခွင့်ရမယ်၊ လူငယ်တွေအားလုံးတွေ့ဆုံပြီး သူတို့ရဲ့မတူညီတဲ့ အတွေ့အကြုံတွေကို သိခွင့်ရမယ်၊ လေ့လာခွင့်ရမယ်၊ ဒါကြောင့် ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာတော့ ကျွန်မသူငယ်ချင်းတွေ ပါဝင်ဆွေးနွေးဖို့ရှိပါတယ်။ ကျွန်မကတော့ ဆွေးနွေးမှုတွေ၊ အတွေ့အကြုံဝေမျှမှုတွေအပေါ်ကနေ သိချင်တာကို မေးမြန်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ လူငယ်တစ်ဦးချင်းစီမှာ မတူညီတဲ့ အတွေးအခေါ်တွေရှိပါတယ်။ ဒီလိုပွဲမျိုးတွေလုပ်ပေးခြင်းအားဖြင့် လူငယ်တွေရဲ့အတွေ့အကြုံတွေကို sharing လုပ်ခွင့်ရမှာဖြစ်ပါတယ်။ လူငယ်အချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ လူငယ်တွေအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးစေချင်ပါတယ်။ ကျွန်မတို့က နယ်ဘက်ကလည်း လာတာဖြစ်တဲ့အတွက် တချို့ နေရာလေးတွေမှာ ပညာသင်ယူဖို့ အခက်အခဲလေးတွေရှိပါတယ်။ လူငယ်တွေကို ပြောချင်တာကတော့ အခုခေတ်ကနည်းပညာတွေ တိုးတက်လာတာဖြစ်တဲ့အတွက် ပညာကိုဆက်တိုက် အဆက်မပြတ် သင်ယူပြီး နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောလိုပါတယ်။
မနီလာဝင်း (ကချင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်)
ကျွန်မက အခုလိုပွဲမျိုးကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။ အခုလိုတက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိသလို အတွေ့အကြုံကောင်းတွေလည်း ရရှိမှာဖြစ်တဲ့အတွက် ပါဝင်တက်ရောက်တာ ဖြစ်ပါတယ်။ လူငယ်တွေကြားမှာ Artificial Intelligence-AI နည်းပညာက ရေပန်းစားပါတယ်။ AI နည်းပညာ ထွန်းကားလာတဲ့အချိန်မှာ အခွင့်အလမ်းတွေနဲ့အတူ စိန်ခေါ်မှုတွေပါ တွဲပြီးပါလာတာပါ။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် လူငယ်တွေမှာ ကျွမ်းကျင်မှုစွမ်းရည်တွေ မရှိမဖြစ်လိုအပ်တယ်လို့ ထင်ပါတယ်။
ဒီနေ့ အခမ်းအနားမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရပြီး လူငယ်တွေအချင်းချင်း အတွေးအမြင်တွေ၊ အတွေ့အကြုံတွေကို သိရှိဖလှယ်ခွင့်ရမှာမို့ ဝမ်းသာပါတယ်။ ဒီနေ့သိမြင်ရရှိမယ့် ဗဟုသုတတွေကို ကျွန်မတို့ ကချင်ပြည်နယ်ကို ပြန်ရောက်တဲ့အခါ ပြန်လည်ဆွေးနွေးမျှဝေပေးသွားချင်ပါတယ်။
ဒေါ်သူဇာဝင်း (တာဝန်ခံ၊ ကရင်ပြည်နယ်လူငယ်စွန့်ဦးတီထွင်သူများ၏ ပြခန်း)
ဒီနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့မှာ ကရင်ပြည်နယ် လူငယ်လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို စီစဉ်ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကရင်ပြည်နယ်ပြခန်းမှာ ကရင်ရိုးရာ ဂျပ်ခုတ်အထည်တွေ၊ ဒေသခံလုပ်ငန်း စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ မျှစ်ချဉ်လုပ်ငန်း၊ စက်မှုကုန်ကြမ်းထုတ်ကုန်တွေကို အဓိကထားပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထုံးအိုင်ဒေသနဲ့ ရွှေဂွန်း (ရွှေကွန်) ဒေသမှာရှိတဲ့ မြေပဲလှော်လုပ်ငန်းက မြေပဲတွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ ကရင်ရိုးရာ ဂျပ်ခုတ်လုပ်ငန်းကို အစဉ်အဆက်ရိုးရာထိန်းသိမ်းတဲ့ အမွေအနှစ်တစ်ခုအနေနဲ့ ရေရှည်တည်တံ့ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းစေချင်တဲ့စိတ်နဲ့ ကရင်ရိုးရာဂျပ်ခုတ်ကို လူငယ်စွန့်ဦးတီထွင်အနေနဲ့ အခုခေတ်နဲ့ကိုက်ညီတဲ့ ဒီဇိုင်းဖန်တီးမှုရေးဆွဲပြီး လာရောက်ပြသခြင်း ဖြစ်ပါတယ်။ ကရင်ပြည်နယ်ကထွက်တဲ့ ဝါဂွမ်းအပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကနေထွက်တဲ့ ဝါချည်တွေကိုယူပြီး လက်ရက်ကန်းဂျပ်ခုတ်အနေနဲ့ ထုတ်လုပ်ထားတဲ့ ပဝါတွေ၊ စောင်တွေ၊ လုံချည်တွေ ပါဝင်ပါတယ်။
အဓိက ဒီပွဲတက်ရောက်တဲ့ မျှော်လင့်ချက်ကတော့ လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေ၊ ဆန်းသစ်တီထွင်ချင်တဲ့စိတ်တွေကို ဒီပွဲကနေတစ်ဆင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေနဲ့ တွေ့ပြီးတော့ အိုင်ဒီယာတွေ ဖလှယ်လို့ရတယ်။ ရိုးရာလုပ်ငန်းကနေ အခု Update ဖြစ်နေတဲ့ ဖန်တီးမှုတွေနဲ့ပေါင်းစပ်ပြီး ကမ္ဘာမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ၊ မြန်မာနိုင်ငံတစ်ဝန်းမှာရှိကြတဲ့ တိုင်းရင်းသားတွေအားလုံး မြင်အောင် ဖန်တီးလုပ်ဆောင်နိုင်လို့ ရတယ်ဆိုတာကို သိရှိသွားပါတယ်။
နိုင်ငံတော်အကြီးအကဲနဲ့တကွ တာဝန်ရှိသူတွေက လူငယ်တွေရဲ့ စီးပွားရေးကဏ္ဍတွေကို ဘက်ပေါင်းစုံကနေ တိုးတက်အောင်ဆောင် ရွက်ပေးနေတာကို မြင်တွေ့ခွင့်ရတယ်။ ဒီနေ့မှာ ကျွန်မတို့လိုပဲ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်တွေရဲ့လုပ်ငန်း သဘောသဘာဝကို သိမြင်ခွင့်ရတယ်၊ အချင်းချင်း တွေ့ဆုံဆွေးနွေးဖလှယ်ခွင့်ရတယ်။ လုပ်ငန်းတွေ ရှေ့ဆက်လုပ်ဖို့လည်း ခွန်အားတွေ၊ ကြိုးစားချင်စိတ်တွေ အများကြီးရပါတယ်။ လူငယ်တွေရဲ့ လိုအပ်ချက်တွေကို နိုင်ငံတော်က အထောက်အပံ့ပေးတဲ့ ပွဲတစ်ခုလို့ ထင်မြင်မိပါတယ်။
ဦးကျော်မင်းခိုင် (လူမှုရေးရာဝန်ကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့)
ကျွန်တော်တို့ ကချင်ပြည်နယ်ကနေ စွန့်ဦးလုပ်ငန်းရှင်သုံးယောက်၊ ပြခန်းပြမယ့် လူငယ်လုပ်ငန်းရှင်သုံးယောက်၊ လူငယ်စကားဝိုင်းတက်မယ့် လူငယ်လေးယောက် ၊ အုပ်ချုပ်သူတွေနဲ့ အားလုံး စုစုပေါင်း ၁၃ ယောက်လာခဲ့တာပါ။ MSME လုပ်ငန်းလုပ်ကိုင်တဲ့ လူငယ်တွေကို ခေါ်ပေးတဲ့အတွက် နိုင်ငံတော်သမ္မတကြီးနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေအနေနဲ့ အခုလိုပွဲတွေမှာ လာရောက်ပြသခြင်းအားဖြင့် သူတို့ရဲ့ထုတ်ကုန်တွေကို ရဲဝံ့စွာနဲ့ဖော်ထုတ်ပြသနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်က လူငယ်တွေကို အလေးထားတယ်ဆိုတာ လူငယ်တွေသိရှိခြင်းအားဖြင့် ပိုပြီး ကြိုးစားလာမယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။ MSME ပြပွဲအပြင် လူငယ်တွေအတွက် ပြပွဲပြိုင်ပွဲတွေ ပြုလုပ်ပေးစေချင်ပါတယ်။ ဒါမှ လူငယ်ကဏ္ဍတွေ ပိုမိုတိုးတက်အောင်မြင်ပြီး နိုင်ငံတော်အတွက် ပိုမိုပါဝင်လာနိုင်မယ်လို့ ထင်မြင်မိပါတယ်။
ဦးရဲရင့်တွဲဖက်ဘဏ္ဍာရေးမှူး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
ဒီပွဲမှာ လာရောက်ခင်းကျင်းပြသရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အသင်းဝင်လူငယ်တွေ စွန့်ဦးတီထွင်ပြီး ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို အများပြည်သူတွေသိရှိပြီး ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဖြန့်ဝေနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်ပြသခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြခန်းမှာဆိုရင် သောက်ရေသန့်၊ T-shirt အင်္ကျီတွေ၊ ကော်ဖီတွေနဲ့ ပျားရည်တွေကို ပြသထားပါတယ်။ ကျွန်တော်တို့အသင်းကို လူငယ်တွေနဲ့ စုစည်းဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အသင်းထဲမှာ စီးပွားရေးကို ကိုယ်တိုင်ကိုယ်ကျ ထူးထူးချွန်ချွန်လုပ်နိုင်တဲ့ လူငယ်တွေအများကြီးရှိတယ်ဆိုတာကို ပွဲကိုတက်ရောက်လာကြတဲ့ လူငယ်တွေသိရှိပြီး အတုယူကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာအောင် ရည်ရွယ်ပြသတာ ဖြစ်ပါတယ်။
လူငယ်ကဏ္ဍနဲ့ပတ်သက်ပြီးပြောရရင် လူငယ်တွေလမ်းမှားမရောက်အောင်နဲ့
အသက်မွေးဝမ်းကျောင်းပညာရပ်တွေ တတ်ကျွမ်းပြီး နိုင်ငံတော်နဲ့ လူသားအရင်းအမြစ်ကောင်းကျိုးကို
တစ်ထောင့်တစ်နေရာကနေ စွမ်းစွမ်းတမံ ပါဝင်လာနိုင်အောင် အသိပညာတွေ၊ အတတ်ပညာတွေ လေ့ကျင့်ပေးစေချင်ပါတယ်။
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး
Forum တွေ၊ International Youth Day ပွဲတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေအတွက်
လိုအပ်တဲ့ ကျောင်းသုံးစာရေးကိရိယာတွေ လှူဒါန်းတာ၊ ထူးချွန်လူငယ်တွေကို ချီးမြှင့်တာတွေလည်း
လုပ်ဆောင်ခဲ့ပါတယ်။ အသင်းစတင်တည်ထောင်တဲ့ ၂၀၁၈ ခုနှစ်ကနေ အခုလက်ရှိ ၂၀၂၆ ခုနှစ်အထိ
ထူးချွန်တဲ့ အသင်းဝင်လူငယ် ၅၀ ကို International Youth Day တွေ၊ Youth Forum တွေနဲ့
Japan Youth Summit တွေကို စေလွှတ်ပေးနိုင်ခဲ့ပါတယ်။ လူငယ်တွေကို အားပေးစကားပြောချင်တာက
လက်ရှိကာလမှာ အသိပညာ၊ အတတ်ပညာတွေကို ပိုပြီးကြိုးစားသင်ယူကြပါ။ အမှားအမှန်ကို ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့
ဝေဖန်ပိုင်းခြားပြီး နိုင်ငံတော်နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍတွေမှာ
စွမ်းစွမ်းတမံ ပါဝင်ပေးကြပါလို့ ပြောချင်
ပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ-လုလင်ငယ်
.jpg)
.jpg)

.jpg)

.jpg)
.jpg)
.jpg)
No comments:
Post a Comment