Tuesday, August 25, 2026

အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသီးနှံများသုတေသနဌာန (ICRISAT)နှင့် ပြည်တွင်းမိတ်ဖက်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်မဟာဗျူဟာမြောက် ဆောင်ရွက်သွားမည်

 

နေပြည်တော် ဩဂုတ် ၂၄

အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသီးနှံများ သုတေသနဌာန (ICRISAT)နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အပူပိုင်းဒေသသီးနှံများဆိုင်ရာ သုတေသနလုပ်ငန်းများဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ဈေးကွက်အရအရေးပါသည့် ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲအပြင် အာဟာရတန်ဖိုးမြင့်သည့် လူး၊ ဆပ် သီးနှံများတွင် ရောဂါဒဏ်၊ ရေငတ်ဒဏ်ခံနိုင်ရေးအတွက် (ICRISAT)နှင့် ပူးပေါင်း၍ မျိုးသစ်များရရှိရေး၊ မျိုးအဆင့်မြှင့်တင်ရေး ဆောင်ရွက်ရမည့်အပြင် စက်ကိရိယာ သုံးစွဲစိုက်ပျိုးရေး၊ ရိတ်သိမ်းချိန် လွန်စီမံခန့်ခွဲရေးနှင့် ဈေးကွက်ဖွံ့ဖြိုးရေးတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသီးနှံများ သုတေသနဌာန ICRISAT စိုက်ပျိုးမွေးမြူရေး ပညာရှင်များနှင့် စီးပွားရေးပညာရှင်များက Asia Breeding Network (ASIABENET)၏ ဆောင်ရွက်ချက်များ၊ ညှိနှိုင်းဆွေးနွေးပွဲ၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့် ဈေးကွက်အလားအလာများကို ရှင်းလင်းဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသီးနှံများ သုတေသနဌာန ICRISAT စိုက်ပျိုးရေးပညာရှင်များ၊ နှံစားပြောင်းသီးနှံမွေးမြူရေးပညာရှင်များ၊ မြေပဲ၊ ပဲစင်းငုံ၊ လူး၊ ဆပ် သီးနှံစိုက်ပျိုးမွေးမြူရေး ပညာရှင်များ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်း၊ မြန်မာနိုင်ငံမျိုးစေ့ထုတ် အသင်းတို့မှ ကိုယ်စားလှယ်များနှင့် သုတေသီများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment