Thursday, August 20, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး H.E Lieutenant General(Ret.) Adul Boonthamcharoen အား တွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၁၉

(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting)ကို တက်ရောက်ရန် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး H.E Lieutenant General (Ret.) Adul Boonthamcharoen အား ကာကွယ်ရေးဝန်ကြီးဌာနရုံး ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်တာဝန်ရှိ သူများတက်ရောက်ကြပြီး ထိုင်းကာကွယ်ရေးဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးသည်။ ထို့နောက် ဧည့်ခန်းမတွင် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးအားတွေ့ဆုံ၍ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ဆောင်နေသူများနှင့် ပါဝင်ပတ်သက်နေသူများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံသဘောတူထားသည့် မီးခိုးမြူငွေ့ကင်းစင်သော ကောင်းကင်ဖြစ်စေရေးသုံးနိုင်ငံ ပူးတွဲလုပ်ငန်းစီမံချက် (Joint plan Of Action-Clear Sky Strategy)(၂၀၂၄-၂၀၃၀) အောက်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် လိုအပ်သည်များကူညီပေးအပ်ခဲ့မှုနှင့် သင်တန်းများ ပို့ချပေးခဲ့မှုတို့အတွက် ကျေးဇူးတင်ရှိမှု၊ နယ်စပ်ဖြတ်ကျော် ရေအရည်အသွေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှုများနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရေး၊ သတင်းအချက် အလက်များဖလှယ်ရေးတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment