Thursday, August 20, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

 

တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၉

(၉) ကြိမ်မြောက် ထိုင်း-မြန်မာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting)သို့ တက်ရောက်ရန် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha က ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဝင်းသူလင်းတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Air Chief Marshal Seksun Chaiyamert နှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ရောက်ရှိရာ ထိုင်းဘုရင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့်ထက်တွင် နေရာယူပြီး ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန်မိတ်ဆက်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးဧည့်ခန်းမတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မှု၊ နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို လုပ်ဆောင်လျက်ရှိသည့် ကျောက်ခက်နှင့်ရွှေကုက္ကိုလ်တို့ရှိ အဆောက်အအုံများအား မြန်မာနိုင်ငံဘက်မှ အမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် တားဆီးကာကွယ်နှိမ်နင်းလျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ ကိစ္စရပ်များနှင့် လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုများကို ပူးပေါင်း ထိန်းသိမ်းတိုက်ဖျက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေးဆိုင်ရာများ၊ သင်တန်းသားများ၊ တပ်မတော် အားကစားအဖွဲ့များ၊ ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ်ကြား အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အထိမ်းအမှတ်တံဆိပ်နှင့်အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပြန်လည် ထွက်ခွာရာ ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က နှုတ်ဆက်ဂါရဝပြု အလေးပြုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment