သိင်္ဃသူ
“လွန်ခဲ့သည့်နှစ်များကစပြီး မြန်မာ-ရုရှားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အနီးကပ်ဆုံးနှင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက် ခံရသော အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံကိုစတင်တာဝန်ယူရသည့် ရက်ပေါင်း ၁၀၀ ကျော်ကာလအတွင်းမှာပင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံ လေးနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်၊ တရားဝင်ခရီးစဉ်များ ဆက်တိုက်ဆိုသလို သွားရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့မူ ပဉ္စမမြောက်နိုင်ငံအဖြစ် တရားဝင်ခရီးစဉ် သွားရောက် ခြင်းဖြစ်သည်။ ယခုခရီးစဉ်သည် ၂၀၂၅ ခုနှစ်၊ မတ်လဆန်းပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ပြီးသည့် နောက်တစ်နှစ်ကျော်မျှသာ ကြာမြင့်သေးသည့်ကာလအတွင်း ဒုတိယအကြိမ်မြောက် သွားရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှထွက်ခွာရာ ဒေသစံတော် ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။ လေဆိပ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြု တပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆို သည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။ နိုင်ငံတော်သမ္မတသည် အလေးပြုခံနေရာ၌ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူရာတွင် ဂုဏ်ပြု တပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများအား တီးမှုတ်ဂုဏ်ပြု အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်းသို့တွေ့ဆုံဆွေးနွေး ရာတွင် ရုရှားသမ္မတက ခရီးဦးကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုနှင့် ရေဘေးသင့်ပြည်သူများကို စာနာထောက်ထား အားပေးကြောင်းပြောကြားပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံမှုစတင်သည့် ၁၉၄၈ ခုနှစ်မှ သမိုင်းတစ်လျှောက် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စွာ တိုးတက်လျက်ရှိနေကြောင်းတို့ ထည့်သွင်းပြောကြားခဲ့သလို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ဖူးပြီး ယခုအခါ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး နောက်ပိုင်း ပထမဆုံးလာရောက်ခဲ့သည့် ခရီးစဉ် ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွင် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လျက်ရှိနေပြီး ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များလည်း များစွာရှိနေပါကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ အားပေးကူညီခဲ့ပြီး လက်ရှိဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှု များစွာပါဝင်သဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါကြောင်း၊ သမိုင်းကြောင်းအရ ရှည်လျားစွာရှိသည့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် အနာဂတ်တွင်လည်း ခိုင်မြဲစွာရှိနေမည်ဖြစ်ပါ ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲသို့တက်ရောက်ကြပြီး နှစ်နိုင်ငံဝန်ကြီး များက ပညာရေးနှင့် ကျန်းမာရေး၊ စက်မှုကုန်ထုတ် လုပ်မှု၊ စွမ်းအင်၊ ကုန်သွယ်မှု၊ သိပ္ပံနှင့်နည်းပညာ၊ စီးပွားရေး၊ ကျန်းမာရေး၊ အာကာသသိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေကြောင်း ပို့ဆောင်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြရာ သမ္မတနှစ်ဦးတို့က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းအခမ်းအနားကျင်းပပြီး နားလည်မှုစာချွန်လွှာ ၁၂ ခုတို့ကို အသီးသီး လဲလှယ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲ ကြေညာချက်များကို အပြန်အလှန် ရှင်းလင်းပြောကြားခဲ့ကြသည်။ အဆိုပါ မီဒီယာများနှင့်တွေ့ဆုံ ပွဲ၌ ရုရှားသမ္မတ မစ္စတာဗလာဒီမာ ပူတင်ကမိန့်ခွန်းပြောကြားရာတွင် ချစ်ခင်မြတ်နိုးအပ်ပါသောသူငယ်ချင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံမှာ ထပ်မံတွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ကြောင်းဟူ၍အစချီကာ ရုရှား-မြန်မာ ဆက်ဆံရေးသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုအပေါ်တွင် အခြေခံပုံ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် တရားမျှတမှု၊ အပြန်အလှန်လေးစားမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းစေမှုတို့အပေါ်တွင် မူတည်ပုံတို့ကို စတင်ပြောကြားသည်။
ဆက်လက်၍ ရုရှား-မြန်မာဆက်ဆံရေးသည် တိုးတက်ခိုင်မာလျက်ရှိကြောင်း၊ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် စီမံကိန်းများစွာကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်းနှင့် ယနေ့တွင်လည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာရေးရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် စွမ်းအင်ကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ ရှာဖွေရေး၊ မြန်မာနိုင်ငံ ကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိ ကြောင်း၊ ယခင်နှစ်က မြန်မာနိုင်ငံတွင် အဏုမြူဓာတ်အားပေး စက်ရုံတည်ဆောက်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၎င်းစီမံကိန်းသည် နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းလည်းဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာလည်း စီမံကိန်းအများအပြား ဆောင်ရွက်ရန်အလားအလာရှိကြောင်း။
မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းတွင်လည်း ရေနက်ဆိပ်ကမ်းတည်ဆောက်မှုစီမံကိန်းကို ဆွေးနွေးနေကြောင်း၊ အဆင့်မြင့်နည်းပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေကြောင်း၊ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်နယ်ပယ်၊ ဆိုက်ဘာလုံခြုံရေးနယ်ပယ် စသည့် အဆင့်မြင့်နည်းပညာနယ်ပယ်များတွင် ရုရှားကုမ္ပဏီများ၏ အဆိုပြုချက်အစီအစဉ် အများအပြားရှိကြောင်း၊ အာကာသပူးပေါင်းဆောင် ရွက်မှုတွင် ၂၀၂၅ ခုနှစ်က နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုသည်လည်း နှစ်နိုင်ငံအတွက် အရေးကြီး သည့်နယ်ပယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဗီဇာကင်းလွတ် ခွင့်စနစ်ဖြင့် အပြန်အလှန်သွားလာနေကြကြောင်း စသည်တို့အပါအဝင် နှစ်နိုင်ငံအကြား ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နိုင်ငံတကာဆက်ဆံရေးတို့ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
မီဒီယာများတွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ သံတမန်ဆက်ဆံရေးထူထောင်မှု ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အစောဆုံး သံတမန်ဆက်ဆံရေးထူထောင်ခဲ့ သည့်နိုင်ငံများထဲမှ တစ်ခုဖြစ်ကြောင်း၊ မြန်မာနှင့်ရုရှားတို့သည် မိတ်ဆွေရင်း၊ မိတ်ဆွေစစ်နိုင်ငံများ ဖြစ်ကြပြီး အပြန်အလှန်နားလည်မှု၊ လေးစားမှုများနှင့် အခြေခံတည်ဆောက်ထားသည့် ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းကို အလေးအနက်ထားပြောကြားခဲ့ပြီး လွန်ခဲ့သည့် နှစ်များကစပြီး မြန်မာ- ရုရှား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အနီးကပ်ဆုံးနှင့် အမြင့် ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား မကြာခဏတွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်အတွက် အဓိကတွန်းအားတစ်ရပ် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူထားသည့် ကိစ္စရပ်များ၊ သဘောတူညီချက်များအပေါ် အကောင်အထည်ဖော်မှုအခြေအနေနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ကာ ရရှိပြီးသည့် တိုးတက်မှုများကို ထိန်းသိမ်းသွားရန်နှင့် ဆက်လက်တိုးမြှင့်သွားရန်အတွက်လည်း ဆွေးနွေးသဘောတူညီခဲ့ကြောင်း။
ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသ နည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အလားအလာများနှင့် လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တို့ကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း။
နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ပေးရေး သဘောတူစာချုပ်သည် ယခုနှစ်ဇန်နဝါရီလအတွင်း စတင်အသက်ဝင်ခဲ့ပြီးဖြစ်၍ ခရီးသွားကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်မည့် အလားအလာများ၊ ယခုခရီးစဉ်အတွင်း သဘောတူစာချုပ်/နားလည်မှုစာချွန်လွှာ ၁၂ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နောက်ထပ်လည်း ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိနေကြောင်း၊ မျက်မှောက် ခေတ်ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ်မှာလည်း အမြင်ချင်းဖလှယ်ခဲ့ကြပြီး အနာဂတ်တွင် မိမိတို့ နှစ်နိုင်ငံသည် နိုင်ငံတကာမျက်နှာစာ၌ နီးကပ်စွာဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျမှု၊ ပထဝီစီးပွားရေးအရ အားသာချက်များ၊ ရင်းနှီးမြှုပ်နှံ မှုအခွင့်အလမ်းကောင်းများတို့ကို ရှင်းလင်းပြောကြားကာ နယ်ပယ်ကဏ္ဍစုံမှ ရုရှားစီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သြဂုတ် ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် ဒူးမားလွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံ လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက် သွားမည့် အခြေအနေများအပါအဝင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mr. Mikhail Vladimirovich Mishustin နှင့် ရုရှားအစိုးရအဖွဲ့ အိမ်တော်အစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးသည်။ ယင်းသို့တွေ့ဆုံရာတွင် ရုရှားဝန်ကြီးချုပ်က ယခုကဲ့သို့ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခြင်းအတွက် ဝမ်းမြောက်စွာကြိုဆိုကြောင်း ပြောကြားပြီး မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အာရှ၊ အရှေ့တောင် အာရှနှင့် အာရှပစိဖိတ်ဒေသအတွက် အရေးပါသည့် မိတ်ဖက်မဟာမိတ်နိုင်ငံတစ်ခု ဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံအကြား ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဦးစွာပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတကလည်း ထပ်မံတွေ့ဆုံမှုအပေါ် ဝမ်းမြောက်စကားပြောကြားပြီး မိမိအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၁၄ ကြိမ်မြောက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ ပထမဆုံး နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်ယုံကြည်မှုနှင့် နယ်ပယ်စုံ၊ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်မည် ဟုယုံကြည်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆွေးနွေးခဲ့ကြသည်။
(ဆက်လက် ဖော်ပြပါမည်။)


No comments:
Post a Comment