ရန်ကုန် ဩဂုတ် ၁၈
FIFAe Nations League 2026 ပြိုင်ပွဲတွင် Consistency Ranking အဆင့် (၆) ရရှိခဲ့သည့် မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပမည့် FIFAe Continental Championship 2026 ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပထမအဆင့်တွင် အာရှအုပ်စုတွင်ပါဝင်သည့် အသင်းရှစ်သင်းသည် Round Robin စနစ်ဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ အသင်းတစ်သင်းစီတိုင်းက ကျန်အသင်းခုနစ်သင်းနှင့် တစ်ကြိမ်စီ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စုပွဲစဉ်များအပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးအဆင့် (၁) မှ (၆) အထိရရှိသည့် အသင်းခြောက်သင်းသည် ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး အုပ်စုအဆင့် (၇) နှင့် (၈) နေရာတွင် ရပ်တည်ခဲ့သည့် အသင်းနှစ်သင်းက ပြိုင်ပွဲမှတိုက်ရိုက်ထွက်ခွာရမည် ဖြစ်သည်။
ရှုံးထွက်အဆင့်ပွဲစဉ်များတွင် အဆင့် (၁) နှင့် (၂) ရရှိသောအသင်းများသည် ဆီမီးဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ကျန်အဆင့် (၃) မှ (၆) အတွင်းရရှိသည့် အသင်းလေးသင်းက ကွာတားဖိုင်နယ်မှတစ်ဆင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ရေးအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အနိုင်ရရှိသည့် နှစ်သင်းသည် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
ထို့ကြောင့် ကွာတားဖိုင်နယ်အဆင့်ကို ကျော်လွန်၍ ဆီမီးဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်နိုင်ရန် အုပ်စုပွဲစဉ်များအပြီး ထိပ်ဆုံး (၂) နေရာအတွင်း ရပ်တည်နိုင်ရေးမှာ အလွန်အရေးပါလျက်ရှိသည်။ အဆင့် (၃)မှ (၆)အတွင်း ရောက်ရှိခဲ့ပါက ပြိုင်ပွဲမှ တိုက်ရိုက်ထွက်ခွာရမည်မဟုတ်ဘဲ ကွာတားဖိုင်နယ်မှတစ်ဆင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည့် အခွင့်အရေး ကျန်ရှိနေဦးမည်ဖြစ်သည်။
ရှုံးထွက်အဆင့်မှတစ်ဆင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်လာသည့် အသင်းများသည် FIFAe World Cup 2026 ဝင်ခွင့်ရရှိရေးအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှဒေသ သတ်မှတ်ချက်အရ ထိပ်ဆုံးသုံးသင်းသည် FIFAe World Cup 2026 သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး စတုတ္ထနေရာရရှိသည့်အသင်းက နယူးဇီလန်အသင်းနှင့် Playoff ပွဲစဉ် ယှဉ်ပြိုင်အနိုင်ရမှသာ FIFAe World Cup 2026 သို့ ဝင်ခွင့်ရရှိမည်ဖြစ်သည်။
မြန်မာကိုယ်စားပြုအသင်းအနေဖြင့် အုပ်စုပတ်လည်ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်ရရှိပြီး ထိပ်ဆုံးနှစ်နေရာအတွင်းဝင်ရောက်ကာ ဆီမီးဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်နိုင်ရန် ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသည် ဆော်ဒီအာရေဗျနိုင်ငံ၌ကျင်းပမည့် FIFAe World Cup 2026 သို့ တက်ရောက်နိုင်ရေးအတွက် အရေးပါသော နောက်ဆုံးအဆင့် ပြိုင်ပွဲတစ်ခုဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MESF

No comments:
Post a Comment