ရန်ကုန် ဩဂုတ် ၁၈
ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ဒေသများအတွက် သက်သာသောဈေးနှုန်းများဖြင့် ဆန်များရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ဩဂုတ် ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအစီအစဉ်တွင် ရေဘေးကူညီရေးပရဟိတအဖွဲ့အစည်းများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်အိတ်ရေတစ်သိန်း ရောင်းချပေးခြင်းနှင့်ပြည်သူများထံ အိမ်တိုင်ရာရောက် ရောင်းချပေးမည့်အစီအစဉ်များ ပါဝင်သည်။
အဆိုပါထုတ်ပြန်ချက်အရ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သောဒေသများသို့ ဖြန့်ဝေပေးမည့် ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် ဧည့်မထ ၁၅ % အဆင့် ဆန် (၂၄ ပြည် - ၁၀၈ ပေါင်) အိတ်ကြီး အိတ်ရေတစ်သိန်းကို တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ရောင်းပေးမည်ဖြစ်သည်။
အလားတူ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရွှေဘိုပေါ်ဆန်း (၂၄ ပြည် ၁၀၈ ပေါင်) တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ နှင့် ဧရာဝတီပေါ်ဆန်း (၂၄ ပြည် ၁၀၈ ပေါင်) တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမည့် (Home Delivery) စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါစနစ်အား K Pay ဖြင့် ငွေဝင်ရောက်ပြီးပါက ငါးရက်အတွင်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ Viber ဖုန်းနံပါတ် ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ နှင့် Email: sales@mrf.com.mm တို့မှတစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
ယခုနှစ် နွေစပါးရာသီနှင့် ယခင်နှစ် မိုးစပါးရာသီကထွက်ရှိသည့် စပါးဟောင်း၊ ဆန်ဟောင်းများကို ကြိတ်ခွဲထုတ်လုပ်ကာ သိုလှောင်ဖြန့်ဖြူးရောင်းချပေးနေပြီး ယခုနှစ်ကုန်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို အခက်အခဲမရှိ ဖူလုံလောက်ငစွာ ထုတ်လုပ်ရောင်းချပေးနိုင်သည်ဟု အသင်းချုပ်ကပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ၊ နေရာဒေသအချို့တွင် ရေကြီးမှုများကြောင့် စားသုံးသူပြည်သူများ စိုးရိမ်ပူပန်စိတ်များမဖြစ်စေရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ဆန်စက်များ၊ ကုမ္ပဏီများနှင့် ဆန်ကုန်သည်/ပွဲရုံများ၊ လက်လီလက်ကား ဆန်အရောင်းဆိုင်များအနေဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေး မှန်စွာဖြင့် ရောင်းချပေးရန် မေတ္တာရပ်ခံထားသည်။
TMK
No comments:
Post a Comment