ဦးသန်းလှိုင်
နိုင်ငံတော်၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံ၏ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးကို အထောက်အကူပြုနိုင်စေရန်နှင့် ပြည်သူများ အရည်အသွေးပြည့်မီသော အဆင့်မြင့်ဆက်သွယ်ရေးဝန်ဆောင်မှုများ ရယူအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
ထိုသို့ 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများကို တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည် -
ဦးသန်းလှိုင်
အင်ဂျင်နီယာချုပ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မေး။ ။ MPT အနေနဲ့ 5G ကွန်ရက်နဲ့ ဝန်ဆောင်မှုတွေကို ဘယ်လို ဆက်လက်ဖော်ဆောင်သွားဖို့ စီစဉ်ထားပါသလဲ။ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ 5G အတွေ့အကြုံရရှိစေဖို့ ဘယ်လိုအချက်တွေကို အဓိကထားဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။
ဖြေ။ ။MPT အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်၊ ကွန်ရက်/နည်းပညာ အဆင်သင့်ဖြစ်မှုနဲ့ ဒီဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးမှုတွေကို အခြေခံပြီး 5G နည်းပညာကို အဆင့်လိုက် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုနဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေ ရရှိစေဖို့အပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေအတွက်လည်း 5G ရဲ့ အားသာချက်တွေကို အသုံးချနိုင်မယ့် အခွင့်အလမ်းတွေ ပေးအပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် MPT အနေနဲ့ 5G ကွန်ရက်ရရှိဖို့ လိုအပ်တဲ့ အဆင့်ဆင့်သော ဆောင်ရွက်မှုတွေကို ပြုလုပ်နေပါတယ်။
မေး။ ။ 5G နည်းပညာက ပြည်သူတွေ အတွက်သာမက စီးပွားရေး လုပ်ငန်းတွေအတွက်လည်း အခွင့်အလမ်း အသစ်တွေ ဖန်တီးပေးနိုင်တယ်လို့ သိရ ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ SME တွေနဲ့ အခြားလုပ်ငန်းကဏ္ဍတွေအတွက် 5G က ဘယ်လို အထောက်အကူပြုတယ်ဆိုတာလည်း ဖြေကြားပေးပါ။
ဖြေ။ ။ 5G ဟာ သုံးစွဲသူတစ်ဦးချင်းစီ အတွက်သာမက Business Transformation အတွက်လည်း အရေး ပါတဲ့ နည်းပညာတစ်ခု ဖြစ်လာနိုင်ပါ တယ်။ အထူးသဖြင့် IoT ၊ Smart Opera-tions ၊ Cloud Services၊ Remote Moni-toring နဲ့ Real-time Data Applications တွေမှာ 5G ကို အသုံးချနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ ဒါကြောင့် လုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုထိရောက်လာစေဖို့၊ အချိန်နဲ့တစ်ပြေးညီ Data အသုံးချနိုင်ဖို့နဲ့ Digital Business Solutions တွေဖန်တီးနိုင်ဖို့ 5G က အထောက်အကူပြုနိုင်ပါတယ်။
ဒေါ်ခင်နုယဉ်ထွန်း
Senior Vice President, Head of Corporate Communications &
Sponsorship
ATOM Myanmar Limited
မေး။ ။ 5G သုံးဖို့ဆိုရင် SIM Card အသစ်လဲဖို့ လိုအပ်ပါသလား၊ 5G Support ဖြစ်တဲ့ handset တွေမှာပဲ သုံးလို့ရမှာလားဆိုတာ သိပါရစေ။
ဖြေ။ ။ 5G ကွန်ရက် အသုံးပြုဖို့ဆိုရင် 5G Support ဖြစ်တဲ့ smart-phone/device တွေ လိုအပ်ပါမယ်။ Sim Card အပိုင်းမှာတော့ သုံးစွဲသူတွေ အဆင်ပြေအောင် နဂို sim card နဲ့ပဲ ဆက်အသုံးပြုနိုင်ဖို့ အက်တမ်(ATOM)အနေနဲ့ နည်းပညာပိုင်းအရ စီစဉ်ထားပါတယ်။
မေး။ ။ အက်တမ် (ATOM) အနေနဲ့ 5G ကွန်ရက် မိတ်ဆက်ပြီးသွားတဲ့ အချိန်မှာ ဘယ်လိုမျိုး အခန်းကဏ္ဍ၊ နယ်ပယ်တွေမှာ ပံ့ပိုးကူညီမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ အက်တမ်(ATOM) အနေနဲ့ 5G ကွန်ရက်ကို ဆက်သွယ်ရေး ကွန်ရက်တစ်ခုဆိုတာထက် မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အနာဂတ်ကို ပိုမိုတိုးတက်လာစေဖို့ အထောက်အကူပြုနိုင်တဲ့ အဓိက အခြေခံအဆောက်အအုံတစ်ခုအဖြစ် ဖန်တီးတည်ဆောက်နေပါတယ်။ ATOM အနေနဲ့လည်း 5G နဲ့ပတ်သက်တဲ့ Aware-ness/ Knowledge Sharing Sessions/ 5G ရဲ့ အကျိုးကျေးဇူးတွေကို ပြည်သူတွေအတွက် အသိပညာပေးအစီအစဉ်တွေက တစ်ဆင့် ဆောင်ရွက်ပေးသွားဖို့လည်းရှိပါတယ်။ အဓိကအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဖျော်ဖြေရေး၊ ဒီဂျစ်တယ်ဝန်ဆောင်မှုများ အစရှိတဲ့ နယ်ပယ်တွေမှာ နည်းပညာအသုံးချနိုင်မှုတွေ ပိုမိုအားကောင်းလာစေဖို့ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ်ယဉ်သူသူအောင်
Corporate Communications Senior Manager ၊ U9 Myanmar
မေး။ ။ မြန်မာနိုင်ငံမှာ 5G က အမှန် တကယ်အသုံးဝင်လာဖို့ ဘာတွေ လိုအပ်ပါသလဲ။
ဖြေ။ ။ 5G ကို အမှန်တကယ်အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် 5G အသုံး ပြုနိုင်တဲ့ ဖုန်းတွေ လုံလောက်စွာ ရရှိနိုင်ဖို့၊ သုံးစွဲသူတွေအတွက် သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်ဖို့၊ 5G ရဲ့ စွမ်းဆောင်ရည်တွေကို အမှန်တကယ် အသုံးချနိုင်တဲ့ ဝန်ဆောင်မှုတွေနဲ့ Application တွေရှိလာဖို့ လိုအပ်ပါတယ်။ U9 အနေနဲ့ 5G ကို အင်တာနက်ပိုမြန်ရုံအတွက်သာ မဟုတ်ဘဲ သုံးစွဲသူတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် အတွေ့အကြုံအသစ်တွေနဲ့ အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးနိုင်မယ့် နည်းပညာတစ်ခုအနေနဲ့ မြင်ပါတယ်။ ဒါကြောင့် U9 ရဲ့ အနာဂတ် 5G Rollout မှာ Home Broadband နဲ့ Business Connectivity လို နယ်ပယ်တွေမှာ 5G ကValue Added လုပ်ပေးနိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ထည့်သွင်းစဉ်းစားနေပါတယ်။
မေး။ ။ 5G Spectrum နဲ့ ပတ်သက်ပြီး U9 က ဝန်ကြီးဌာနနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ U9 အနေနဲ့ Network ပိုမို ကောင်းမွန်တိုးတက်ရေးနဲ့ သက်ဆိုင်တဲ့ Spectrum အပါအဝင် တခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီး PTD အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်လက်ဆွေးနွေး ပူးပေါင်းဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာလုပ်ငန်းစဉ်တွေ ပြီးစီးပြီး အသေးစိတ်အချက်အလက်တွေကို တရားဝင်ထုတ်ပြန်နိုင်တဲ့အချိန်မှာ U9 ရဲ့ 5G Plan နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်မျှဝေပေးသွား မှာ ဖြစ်ပါတယ်။
5G ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို အထောက်အကူပြုဖို့ ဝန်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို U9 အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ U9 ဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ခရီးစဉ်မှာ အစကတည်းက ပါဝင်လာခဲ့ပြီး 5G ကလည်း U9 ရဲ့ နောက်ထပ်တစ်ဆင့် ဆက်လက်လျှောက်လှမ်းမယ့် ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ လက်ရှိသုံးစွဲသူတွေအတွက် Network အတွေ့အကြုံကို ဆက်လက်ကောင်းမွန်အောင် လုပ်ဆောင်ရင်း 5G အတွက်လည်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဒေါ်ခင်သူဇာကျော်
Head of Regulatory ၊ Telecom International Myanmar Co.,Ltd
(Mytel)
မေး။ ။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ 5G ဝန်ဆောင်မှုတွေကို ဖြန့်ကြက်တပ်ဆင်ဖို့ Mytel ရဲ့ အစီအစဉ် တွေကို သိပါရစေ။
ဖြေ။ ။ Mytel အနေနဲ့ သုံးစွဲသူပြည်သူတွေရဲ့ လိုအပ်ချက်၊ ကွန်ရက်အဆင်သင့်ဖြစ်မှု၊ လှိုင်းနှုန်းစဉ်ရရှိနိုင်မှုနဲ့ အခြေခံအဆောက်အအုံ အခြေအနေတွေအပေါ် မူတည်ပြီး မြန်မာနိုင်ငံတစ်ဝန်း 5G ကွန်ရက်ကို အဆင့်ဆင့်တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ ဦးစွာပထမ တစ်နိုင်ငံလုံး ကွန်ရက်မချဲ့ထွင်မီအဓိက မြို့ကြီးတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ သုံးစွဲမှုလိုအပ်ချက် မြင့်မားတဲ့နေရာတွေကို ဦးစားပေးဆောင်ရွက်သွား မှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။ Mytel ရဲ့ ရည်မှန်းချက်ကတော့ ရေရှည်တည်တံ့ပြီး ထိရောက်မှုရှိတဲ့ ကွန်ရက်ရင်းနှီးမြှုပ်နှံမှု သာမက အစိုးရဝန်ကြီးဌာနတွေ၊ အဖွဲ့ အစည်းတွေနဲ့ သုံးစွဲသူပြည်သူတွေထံ ယုံကြည်စိတ်ချရပြီး အရည်အသွေး မြင့်မားတဲ့ 5G အတွေ့အကြုံကို ပေးအပ် လိုပါတယ်။
မေး။ ။ လက်ရှိ 4G ဝန်ဆောင်မှုတွေနဲ့ နှိုင်းယှဉ်ရင် Mytel ရဲ့ 5G ဝန်ဆောင်မှုကနေ သုံးစွဲသူတွေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ 5G ဟာ ဆိုရင် 4G ထက် သိသာမြန်ဆန်တဲ့ ဒေတာအမြန်နှုန်း၊ ပိုမိုလျင်မြန်တဲ့ တုံ့ပြန်မှု (lower latency)နဲ့ ပိုမိုကြီးမားတဲ့ ကွန်ရက်စွမ်းရည်တို့ကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။ 5G ရဲ့ အားသာချက်တွေကတော့ ရုပ်ထွက် ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားတဲ့ ဗီဒီယိုတွေကို ထစ်ငေါ့ခြင်းမရှိဘဲ ကြည့်ရှုနိုင်ခြင်း (HD video streaming)၊ အွန်လိုင်း ဂိမ်းဆော့ရာမှာ ပိုမိုကောင်းမွန်မြန်ဆန်လာစေခြင်း၊ အွန်လိုင်းအစည်းအဝေးတွေ ရုပ်သံ ပိုမိုကြည်လင်ပြတ်သားခြင်း၊ cloud ဝန်ဆောင်မှုတွေနဲ့ တခြားသော ဒေတာအမြောက်အမြား အသုံးပြုရတဲ့ လုပ်ဆောင်ချက်တွေမှာ ပိုမိုချောမွေ့ မြန်ဆန်တဲ့ အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုအရေးကြီးတဲ့ အချက်အနေနဲ့ 5G က ပိုမိုမြန်ဆန်ပြီး ချက်ချင်းတုံ့ပြန်မှုရှိတဲ့ ချိတ်ဆက်မှု လိုအပ်တဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေနဲ့ အက်ပလီကေးရှင်းအသစ်တွေအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
ဂျေမီ




No comments:
Post a Comment