နေပြည်တော် ဩဂုတ် ၂၄
တပ်မတော်ဆေးတက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းသည့် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေး တက္ကသိုလ်ပင်မစာသင်ဆောင် အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူး Colonel Arjun N Singh နှင့် တာဝန်ရှိသူများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့သည်။
ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဆေးပညာသင်ကြားရေးဆိုင်ရာ
သင်ထောက်ကူပစ္စည်းများ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ လှူဒါန်းမှုဆိုင်ရာ
စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက လက်ခံရယူခဲ့ပြီး
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများသည် ပေးအပ်လှူဒါန်းထားသည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသမှုနှင့် ပစ္စည်းများအား အသုံးပြု၍ သင်ကြားရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ယနေ့အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် သင်ထောက်ကူပစ္စည်းများအနေဖြင့် ဝမ်းဗိုက်နှင့် အရိုးအဆစ်များအတွင်း အပေါက်ငယ်များဖောက်ကာ ကင်မရာဖြင့်ကြည့်၍ ခွဲစိတ်သော စက်ကိရိယာတစ်စုံ၊ အဆင့်မြင့်သွားတု ပုံဖော်စက် တစ်စုံ၊ မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးသည့် စက်တစ်စုံ၊ ရောဂါဗေဒဓာတ်ခွဲခန်းတွင် အသားစမှန်ပြား များအား ဒီဂျစ်တယ်စနစ်ဖြင့် ကူးယူသောစက်တစ်စုံ၊ ဆေးပညာသင်ကြားရေးဆိုင်ရာ အဆင့်မြင့်အသံနှင့် ကင်မရာစနစ်တစ်စုံ၊ သင်ကြားရေးသုံး မျက်နှာပြင်ကျယ် ကွန်ပျူတာ ဖန်သားပြင်များနှင့် အရည်အသွေးမြင့် ပရိုဂျက်တာများပါဝင်ကြောင်း သိရှိရပြီး ဆေးပညာသင်ကြားရေး၊ သုတေသနနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်းနှင့် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment