Tuesday, August 11, 2026

ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်း CMP စနစ်ဖြင့် ကင်မရာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိ


 

နေပြည်တော် ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်းရှိ အဆင့်မြင့်နည်းပညာသုံးစက်ရုံ များ၊ Burst Transmission Co.,Ltd. ၌ CMP စနစ်ဖြင့် ကင်မရာနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ် နေမှု၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လုပ်ငန်းဆောင်ရွက်ထားမှု၊ စက်ရုံများလည်ပတ်နေမှုနှင့် လမ်းတည်ဆောက်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

အလားတူ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်း သစ်ပင်များ စိုက်ပျိုးပြီးစီးမှု၊ စက်မှုဇုန်တွင် စက်ရုံများလုပ်ငန်းလည်ပတ်နေမှု၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ရေပေးဝေရေး ဆောင်ရွက်ထားရှိမှု၊ စက်မှုမြေကွက်များအတွင်း လမ်းအသစ်ဖောက်လုပ်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအစည်းအဝေးခန်းမသို့ ရောက်ရှိရာ လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်းဧရိယာအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကြီးကြပ်မှုကော်မတီ၏ ခွင့်ပြု ချက်မရှိဘဲ လုပ်ငန်းများဆောင် ရွက်ခြင်းမပြုရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း၊ မူဝါဒ များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့ပြင် မန္တလေး - လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်းအဝင် လမ်းသစ် ဖောက်လုပ်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လမ်းဘေးတစ်လျှောက် ရေစီးရေလာ ကောင်းမွန်ရေး၊ လမ်းဘေးဝဲ/ယာ၌ အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment