Friday, August 14, 2026

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၁/၂၀၂၆-၂၀၂၇) ကျင်းပ

 

နေပြည်တော် ဩဂုတ် ၁၃

ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားလာသည့် အမှုကိစ္စများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုအခြေအနေ၊ ယှဉ်ပြိုင်မှုဥပဒေပါပြဋ္ဌာန်းချက်များ ခိုင်မာအားကောင်းစေရေး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှု၊ ဒီဂျစ်တယ်ဈေးကွက်နှင့် ဆက်စပ်သည့်ယှဉ်ပြိုင်မှု ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၁/၂၀၂၆-၂၀၂၇) တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြောကြား

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယှဉ်ပြိုင်မှု ဥပဒေအကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုထိရောက်စေရေးအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ တိုင်ကြားမှုများအား ဥပဒေနှင့်အညီ စနစ်တကျစိစစ် ဖြေရှင်းဆောင်ရွက်ရေးနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာများ ပိုမိုသိရှိနားလည်လာစေရေးနှင့် တရားမျှတသောယှဉ်ပြိုင်မှုပတ်ဝန်းကျင်တွင် ပါဝင်ဆောင်ရွက်နိုင်စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ဈေးကွက်စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ နိုင်ငံတကာအတွေ့အကြုံများနှင့် အကောင်းဆုံးအလေ့အကျင့်များကို လေ့လာအသုံးချ၍ မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်မှုဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မူဝါဒဆိုင်ရာလမ်းညွှန်ချက်များကို အချိန်နှင့်အမျှ ပြန်လည်သုံးသပ်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍လည်း ယှဉ်ပြိုင်မှုဥပဒေပါ ပြဋ္ဌာန်းချက်များကို ခိုင်မာအားကောင်းစေရေး ဆောင်ရွက်ရန်ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment