နေပြည်တော် ဩဂုတ် ၁၃
(၁၂၁) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ကျင်းပရာ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခ (ဌာနမှူး) က “စပါး၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ မျိုးသန့်ထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြကာ ဒေသခံတောင်သူများက စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများနှင့် သိရှိလိုသည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။
တောင်သူများ ကြုံတွေ့နေကြရသော လယ်ယာထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ်နိုင်ရေးနှင့် အခက်အခဲပြဿနာများကို အကောင်းဆုံးကျော်ဖြတ်နိုင်မည့် နည်းလမ်းများ ညှိနှိုင်းအဖြေရှာ ဖော်ထုတ်နိုင်စေရန်အတွက် တောင်သူနည်းပညာ ဆွေးနွေးပွဲများကို အပတ်စဉ်ကျင်းပလျက်ရှိသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးမှာ မျိုးစေ့ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးမှသာ အရည်အသွေးပြည့်သည့် သီးနှံများရရှိမည်ဖြစ်ကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းကို ၁၉၉၀ ပြည့်နှစ်မတိုင်ခင်အထိ အစိုးရအဖွဲ့အစည်းများကသာဆောင်ရွက်ခဲ့ပြီး မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် မျိုးစေ့လိုအပ်ချက်နှင့် မျိုးစေ့ထုတ်လုပ်မှု သဟဇာတဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မျိုးစေ့ထုတ်လုပ်ရာတွင် အစိုးရဌာနများ၏ ခြံ၊ စိုက်ကွင်းများ၊ ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ် တောင်သူများက ထုတ်လုပ်ဖြန့်ဖြူးသည့်နည်းတူ တောင်သူတစ်ပိုင်တစ်နိုင် မျိုးစေ့ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:
Post a Comment